|
ဝတ်မှုန်………
တိတ်တိတ်လေး အထီးကျန်ဆန်တိုင်းမှာ မင်းကို ကိုယ့် အနားမှာ ရှိနေစေချင်ရဲ့…. တိမ်ပြာလဲ့တွေငေး ဘ၀ဆိုတာကို မတွေးဘဲ ခြေခင်းလက်ဆန့် အိပ်မက် တစ်စက်စက်ယိုစိမ့်ကျနေဆဲ အတွေးစစ၊ တမေ့တမော ရေးမပြတတ်သူအတွက် လွမ်းတယ်ဆိုတာ မြူဆိုင်းနေကျလမ်းကို ရနံ့မူးလျှောက်ရသလိုပါပဲ.. တင်းဆွဲစေ့ထားတဲ့ မျက်ဝန်းကလည်း မင်းပုံရိပ်ပဲမြင်၊ ထိတိုက်တိုးဝေ့ လာမယ့် လေအေးလျလျမှာလည်း မင်းဝတ်ရည်သွန်းဆစ်သ သလိုထင်ပြီး မင်းကို လွမ်းတဲ့ အတွေးကိုပဲ မင်းလို့ သတ်မှတ်ပြီး ထွေးသိမ်းဖက်ထားမိလိုက်တယ်၊ ဘ၀မှာ နက်လှိုက်နာကျင်စရာတွေ တွေ့ရင် ငါ ဘယ်လို ရင်ဆိုင်ဖြေသိမ့်ခဲ့လေသလဲ………. ကိုယ်မေ့နေပေါ့ …………၀တ်မှုန်ရယ်… မတော်တဲ့ ဘ၀ကို အတင်းစွတ်စီးထားရတာ……… တခါတခါ သိပ်ကို နံလှတယ်ကွယ် သင်ခဲ့တဲ့ ပညာ၊ တတ်ခဲ့တဲ့ ပညတ်၊ သုံးနေရတဲ့ ခန္ဓာ၊…………………. အဲ့ဒါကို ကာယလုပ်သားလို့ စကားလှအောင် စာမှာခေါ်တယ်၊ ကိုယ့်ပါးစပ်လည်း လေသေနတ်သံမြည်ရလွန်လို့ သွေ့ခြောက်နေပေါ့……. ၀တ်မှုန် ခြောက်…………ချောက်……… နောက်မှာ ဖျောက်ဆို ကြိုးကျ၊ ကျိုးကျ ရွက်တိုင်နဲ့ ရွက်ရဲ့ နောက်ဆုံးည၊ အိပ်မက်က မလှလောက်ဘူး…… လှမ်းလေဝေးလေ…………၊ ပြပြမြင်မှ ပြင်းပြင်းပိုလွင့်ရ………… လေးလံလာတဲ့ ခြေလှမ်း၊ တစ်ခါကဆို စာအုပ်လေးဖတ်၊ စာလုံးလေးတွေ သပ်သပ်ရပ်ရပ် စီစဉ်ခဲ့ဖူးတဲ့ရက် ပြပြမြင်မှ ပြင်းပြင်းပို လွှင့်ရ၊ …………………. လှိုင်းဆွဲအားကျနေတဲ့ ဖုန်းသံလို……… ……………………………………………….. …………………………………………….. ဧရီယာ…….. မရှိတဲ့ ဆီက ………… လေညင်းခေါ်တာကို ပန်းငယ်မကြားသလို၊ ၀တ်မှုန်….. ကိုယ့်စကားဖျော့ဖျော့တွေကို မင်းမကြားခဲ့ပါဘူးလေ……….. မျက်နှာဖုံးအသစ်၊ စာအုပ်အဟောင်း၊ စကားလုံးတွေတောင် မပြောင်းခဲ့ပါဘူး…….. ဘ၀က ဖတ်ရတာမကောင်းဘူးကွာ…. ၀တ်မှုန်………. ကို့ကို တစ်ခုဖြစ်ဖြစ်ပြောပါ………. ဘာလုပ်လုပ် ထစ်ငေါ့နေတဲ့ နေ့တွေမှာ၊ ဘယ်လို ပြုံးပြပြ မရတော့လောက်တဲ့ ရက်တွေမှာ ဘယ်လို ရပ်တည်စွမ်းနဲ့ ဆက်နှင်မလဲ………… ကိုယ့် တက်တွေ ဓားရာပွပေရေ…….. ၀တ်မှုန်ရေ………… မင်းရှိရာအရပ်ကို မှန်းရည်လွမ်းစိမ့် တသိမ့်သိမ့် ဖြေစရာတောင် စက္ကန့်တံတွေက ကိုယ့်ကို မမောင်းတော့နိုင်ဘူး………. မိုးဆီလက်ဆန့်ပြီး တောင်းခဲ့တဲ့ ဆုတွေလည်း မြေမှာ ပျံကျပုံ အလုံးစုံစုံကို ဥပေက္ခာပြုထားပြီး တစ်နေ့မှာ ရုန်းပျံတက်နိုင်မယ်ဆိုကို ယုံထားပေးပါ…….. ယုံထားပေးပေါ့… ၀တ်မှုန်……………. မာရည်ကျောရည်ဖြစ်လာတဲ့ လက်ရယ်၊ ဖိနပ်ပေါက်ထားတဲ့ ခြေတစ်စုံရယ်……… မျှော်သူမောမယ့် အိပ်မက်ကို မင်းတစ်ယောက်ဆက်မက်ရဲမယ်ဆို အလွမ်းတွေကို ကိုယ့်ကိုယ်စားဆက်ထွေးထားနှင့်ပါဦးနော်…………. ချမ်းနေရှာရော့မယ့် မနက်ဖြန်ကိုလည်း ကိုယ်တို့အကြောင်း ပြောပြထားနှင့်ပေါ့………. သူတို့နားလည်ပါလိမ့်မယ်ကွယ်…………. လိပ်ပြာလေးတွေလူးလားကူးတာကို အသည်းအသန်ကာကွယ်ရင်း အသက်ပေးသွားတဲ့ လေညင်းသည်းသည်းအကြောင်း…. ပန်းလေးတစ်ပွင့်မသိလိုက်သလို………….. သူတို့ နားလည် နိုင်ပါလိမ့်မယ်…. ဘယ်လိုပဲ လင်းလာလဲ့လာ…………. မနက်နေခြည်မှာ သူတို့ နားလည် ပါလိမ့်မယ်………. တစ်ကနေ တစ်ဆယ်မကူးရေခင်မှာပဲ ဘုံးဘုံးလဲချပေးဖို့ စဉ်းစားမိပါရဲ့….. ရေလောင်းပေါင်းသင်ရာ ယာမြေလေးကို စက္ကူဘီးလူးနဲ့ စီးပိုးဖို့ရာ စစ်ဆင်လာရင် ……….. ဘုံးဘုံးလဲချပေးဖို့ စဉ်းစားမိပါရဲ့………. ဒါပေမယ့် ခက်လှပါရဲ့………. ၀တ်မှုန်ငယ် ဖိနပ်ငယ်ငယ်လေးစီးထားရစဉ်ကတောင် အိပ်မက်ကြီးကြီး မက်ခဲ့တဲ့ကောင်လေး ဘုန်းဟုန်းတောက်ပြ ပစ်လိမ့်မယ်………. ကြည့်နေ ………. ဘုန်းဟုန်တောက်ပြ ပါလိမ့်မယ်…… သင်ပုန်းပေါ်မှာ ရေးပြလိုက်၊ ကိုယ်တို့တွေက ပြန်ကူးလိုက်နဲ့ သိပ်ကို မိုက်ခဲ့မိတဲ့ ရက်နဲ့လတွေကို ဖြစ်နိုင်ရင် ပြန်ပြောပေးကြပါဦး……….. ငါတို့လောကကို သင်ပုန်းကျောက်တွေက သမားခံပြီး စတင်တိုက်စားနေပြီဆိုတာ……..၊ စဉ်းနှီးတုံးတွေ၊ ပုပ်အိုဟောင်းယိုစုံတွေ၊ ………. အိပ်မက်အသစ်စနေတုန်းမှာ ရေစုံမီးစုံသုံးပြီး ရုန်းထွက်ကြမယ်လို့…………… မြေပေါ်ဒူးထောက်ပြီး တောင်းခဲ့တဲ့ဆုတွေ………၊ တေလေပါးစပ်က တရစပ်ထွက်ကျနေဆဲ နတ်စကားသံကို ပန်းတစ်စကမကြား တေလေတစ်ဆူခမြာ ပေတစ်ရာလမ်းမထက်မှာ ဧကရဇ်ထိုင်ထိုင် ခြေပစ်လက်ပစ်ငိုင်နေရတာ မောတယ်………. ၀တ်မှုန်ရယ်၊ ကိုယ်ခေါ်နေတဲ့ အသံကို မင်းမကြားခဲ့ ပါဘူးလေ……….. ကိုယ့်ကို ချစ်တယ်ပြောပြီး အရာရာကို မလေးစား၊ မလိုက်နာ………. အင်းလေ မတူညီတဲ့ ကမ်းတစ်ဖက်စီမှာ ရပ်နေရင်းကတောင် တစ်ယောက်က မိုးယံတိမ်ကြားမှာ တစ်ယောက်က မြေပြင်လယ်ခေါင်မှာ တစ်ခါက ကိုယ်ပြောဖူးသလိုပေါ့ ပျော်တော့ ပျော်ခဲ့ကြတာပါပဲလေ……. ၀တ်မှုန်………… လွယ်အိတ်လေး ပုခုံးပေါ်တင်ထားစဉ်တုန်းက ဘ၀တူ သူငယ်ချင်းတွေနဲ့ ငြင်းခုန်ဖူးခဲ့သလိုပေါ့…. မတူညီတဲ့ ဆုံမှတ်တွေကို တစ်နေရာဆီမှာ ရအောင် ဆုံရမယ်လို့ လောကကိုပါ ကိုယ် ဒိုင်ခံပြန်ငြင်းနေဦးမယ်၊ အဆုံးစွန်းထိ လျှော့ပေးလိုက်၊ အနီးလွန်ထိ ဆွဲယူလိုက်နဲ့ ပိုးကြိုးတွေလည်း စောင်းသံစုံခဲ့ပြီပဲလေ……… အရွယ်ရောက်လာတဲ့ ညောင်ပင်ပျိုရဲ့ ထိုးခွဲထွင်းလှိုက်ပစ်ခံရဆဲမှာကို တောင်ပို့အိုက အပြုံးမပျက်သလို ကိုယ်တတ်သမျှမှတ်သမျှနဲ့ ဆက်ပြုံးပြနေပါဦးမယ်……… ၀တ်မှုန်ငယ်၊ ကိုယ်မက်မောဖူးတဲ့ မျက်ဝန်းလေးမှာ အမည်းရောင်အပေါ်ယံတွေ စတင်အုပ်စိုးနေစ ကိုလိုနီနယ်မြေကနေ ပြန်ကြရတော့မယ့် အသားကျစွန့်ဦးသူတစ်ယောက် တစ်တိတိလျော့ကျနေဆဲ တစ်ခါကရဲအောင်လံဆီ မျက်ဝန်းရည်တွေကြားက အားယူကြည့်နေသလိုပေါ့လေ………. သူက ယာစိုက်သူ၊ သူက ပျိုးထောင်သူ၊ အဝေးဆီက ဥသြသံကို မကြားယောင်ပြုပြီး…….. ဒီလိုပဲ ကိုယ်တို့ ဆက်လွမ်းနေကြရဦးမယ်………….၊ စက္ကူဘီးလူးရဲ့ အိပ်မက်ဦးခူးသံကို မကြားဝံ့မနာသာ ဆက်ခံရင်း ကိုယ့်ဘ၀ရဲ့ တန်ဖိုးအင်္သချေယျ ရက်နှစ်လတွေကို သူ့ထံဆက်ကပ်ရဦးမှာပေါ့လေ……… တွန့်တွန့်တိုတိုပေးတဲ့ နဖူးလွှာပေရွက်တွေကို အဲဒီစက္ကူဘီးလူးရှေ့မှာ ကိုယ့်တို့နှစ်ယောက်ဘ၀အတွက် ရာဇမာန်ချ ဒူးထောက်ယူလိုက်ကတည်းက ငါတို့နှစ်ပါး ရက်ပေါင်းခုနှစ်ရာမကဝေးခဲ့ကြရရဲ့……….. သိပ်ကို မတန်လိုက်ပေမယ့် မနက်ဖြန်ဆိုတာကို ယုံပြီး ကိုယ်တို့ဆက်နှင်ရဦးမယ်……… မတူညီတာတွေကို ညီမျှပြီး၊ တူညီမှုတွေကို ဝေယူ………. ရှေးချစ်သူအဆူဆူတွေလိုပေါ့ တစ်ယောက်အစာရှာထွက်ခိုက်၊ တစ်ဦးက မီးပုံလေးဖိုထားရင်း၊ တစ်ပွင့်က လွင်ရင်၊ တစ်ပွင့်က လဲ့ရင်း၊ ဒီလိုပဲပေါ့…….. ချစ်သူရယ်…… ဗီးနပ်စ်ကြယ်ကို ညနေရီမှာ တစ်ခါ၊ မနက်ဦးယံမှာ တစ်ခါ ကိုယ်တို့မြင်ရမယ်ဆိုတာ သေချာသိသလို မနက်ဖြန်ဆီမှာ အတူလက်တွဲလို့ နွဲရမယ့် ပွဲတော်တစ်ခုအကြောင်းကို တွေးပြီး ကိုယ်စီ………. တိတ်တိတ်လေး အထီးကျန်ဆန်တိုင်းမှာ အလွမ်းတွေကို ကိုယ်စားရည် ထွေးပွေ့………. ငါတို့ နွေးနေကြဦးစို့……….. ၀တ်မှုန်……….. ငါတို့ နွေးနေကြပါဦးစို့……….. ချစ်သူငယ်……… တိတ်တိတ်လေး အထီးကျန်လာရင်၊ တိုးတိုးလေး တမ်းတလိုက်ပေါ့….. ဖွဖွလေး ……………………….. ကို…………. ဘုန်းသန့်ခန့် P0245DEC11FIJI+13
0 Comments
|
Author
|


RSS Feed