|
(၁)``.................................
................................. ငါ့ဆီငါပြန်ရောက် ပါတော့မလား။ မြေပုံကြမ်းကြည့်ပြီး လှမ်းလျှောက်နေရတာ....မောလှပြီ။´´(၁) မောလျှပေမယ့်... သွားမယ်...ရောက်အောင်သွားမယ်။ လောကဓံဓားရှစ်ချောင်းစုံ ထိခဲ့ရင်တောင်၊ တပ်ဦးအောင်လံတော် လေကြမ်းထိပြိုစုတ်ခဲ့ရင်တောင်၊ ငါ့....ဒူးတော်မထောက်ဘူး။ ငါ့....လက်တော်မမြှောက်ဘူး။ ဌာန်ကန်မာန်ကုန်ဖွင့်ပြီး အဲဒီအထိရောက်အောင် သွားမယ်။ ``မိုးစက်တွေက တပေါက်ပေါက် ခုန်ဆင်းတားရင်တောင် ဂရုမစိုက်ချင်ဘူး။ လက်ခုပ်နဲ့ ခံသောက်ပစ်ပြီး ဆက်သွားမယ်။´´(၂) ငါ့လက်ကိုဆွဲမယ်။ ငါ့တက်ကို လှော်မယ်။ ``ငါ့ဘ၀ရဲ့ လင်းတောက်တဲ့ ရောင်ခြည်တစ်စက်အတွက် အသက်နဲ့ လဲပြီး ရဲရင့်ပြမယ်။´´(၃) Oh! Mr. Creator, Surrender or die? Now, I'm not just a boy of melancholy; Not in your bloody hands. Look it. Listen it. My mouth sings my marching song. My hands grasp my brave and NOBALITIES. Well armed holy Demigod Is ready to defeat you. Poor Creator, Surrender or die? (၂) ဘာလဲ....။ အသင်က မိုးထက်မှာ ပုန်းတဲ့ နတ်ဘုရားလား။ သင့်ဆီမရောက်ရင်တောင်...သင်ကြောက်အောင်ပစ်မယ်။ ငါ့လက်တော် အစုံမြှောက်လို့ လေးကြိုးကိုဆွဲ.... လာပြီ.... ကံကြမ္မာသခင် ဒီ မြားအစင်းစင်းမှာ သင်လဲပြိုစေ့မယ်။ိတိမ်တောင်စုံခွင်းလို့ သင့်ဘုံထိတက်လာပြီ။ ``ငါ့(ရဲ့ ) ၀ိညာဉ်မှာ ပန်းနှင်းဆီတွေ အပြာလွင်ဆုံးပွင့် ငါ့ရွက်တိုင်ကို အမြင့်မားဆုံး လွှင့်ထူမယ်။´´(၄) လာပြီ....သင့်ကို ဖြိုဖို့ မာန်ဟုန်နဲ့ လာပြီ။ ``ငါ့နောက်ကို ဘယ်သူမှ မလိုက်နဲ့ ။ ဖြစ်နိုင်ရင် ငါ့အရိပ်ကတောင် ငါ့နောက်ကို မလိုက်နဲ့ ။´´(၅) ဘယ်သူမှ မလိုက်လာကြနဲ့ ။ တစ်ကိုယ်တည်း ဒါပေမယ့် လောကတစ်ထောင် စိုးမယ့် ```လူသားက မွေးတဲ့ လူသားသွေးတော်´´´ ငါ....က သင့်ကို မိုးလုံးပြည့်အောင် တိုက်မယ်။ မလွဲသော လက်ဖြင့် တီးခေါက်သည့် အခါ တံခါး အစုံစုံတို့ သည် မိမိရင်ကို ဖွင့်ကာ ငါ့ကို သောင်းသောင်းဖျဖျ ရွှေထီးမိုး ကြိုစေ....။ (၃) ``အချို့ လူများသည် .... ကောင်းမြတ်သော တေးသွားကို တီးခတ်ရန် မိမိကိုယ်ကို စောင်းကြိုးညှိခြင်း မပြုကြ။ ငါကား ထို ဂီတကို ကြားလို လှသည်။ ညှိယူပြီးဖြစ်သော ငါ့စောင်းကြိုးတို့ ကို စင်ကြယ်စွာတီးခတ်မည်။´´(၆) ငါသည် စုန်သောရေ၌ မျှောစီးသော လှေမဟုတ်။ ဆန်တက်နှင်သော ရေကို ခွင်းထွင်းနှင်သော အရိမ်မဲ့ လူတည်း။ သို့ ကြောင့်.... ငါ့လမ်းမသည် ဖွင့်လင်းပွင့်ရှင်းစေသား။ ငါသည် အိပ်သော အချိန်တွင် မီးမှိတ်ထားတတ်သော်လည်း ရွန်းလဲ့ ထွန်းလိုခိုက် စက္ကန့် တွင်းတွင် ၀င်းကနဲ တောက်ထနိုင်သည့် ကိုယ်ပိုင်မီးအိမ်နှင့် လူတည်း။ သို့ ကြောင့်.... ငါ့လမ်းမသည် ဖွင့်လင်းပွင့်ရှင်းစေသား။ ငါသည် နင်းချဖူးသော လှေကားတို့ ၏ ကျီရရီမည်သံကို မမေ့မှတ်သားကာ မြင့်တက်မြဲမတ်ချိန်တွင် ပြန်လည် ပြင်ဆင်တတ်သည့် တေလေ၀တ်ရုံဝတ် လူတည်း။ သို့ ကြောင့်.... ငါ့လမ်းမသည် ဖွင့်လင်းပွင့်ရှင်းစေသား။ ငါသည်.... ယခုပင် အောင်လံတော်လွှင့်ပြီ။ ယခုပင် တိုက်မောင်းကို ခတ်ပြီ။ ယခုပင် အမိမြေကို ဦးနှိမ့်ဝပ်တွားပြီ။ ယခုပင် လောကစစ်တလင်းကို ချီပြီ။ ဖွင့်ထားသော အလင်းတို့ သည် ရှင်းမတ်စွာ ထွန်း၍ ငါ့လမ်းကို ကြိုစေသား။ ငါ့လက်တို့ ဆန့် တန်းကာ ကောင်းကင်လမ်းထက်မှ ပျံမည့်သူတို့ ကို ကောင်းချီးပေး၏။ အချည်းနှီးသော စကားဖြင့် လှမ်းပေါက်လိုသူတို့ ကိုကား ကျောကို ပုတ်ကာ သတိပေးအံ့။ ငါလာပြီ... ``ဦးပေါင်း´´တို့ ညွှတ်လော့။ မြှောက်စည်တော် တီးလော့။ ခန်းဆောင်တော် ဖွင့်လော့။ ဘုန်းသန့် ခန့် 1STEDTBEFJUL09 2NDEDTP120409AUG09 (၁)စောင်းကြိုးပြတ်ရွာမွန်းတည့်အလွန်လေးနာရီ မှ၊ တာရာမင်းဝေ(၂)တေလေအားမာန် မှ၊ ဘုန်းသန့် ခန့် (၃)(၄)(၅)ပန်းခေတ်ကလမင်း မှ၊ တာရာမင်းဝေ (၆)ကြယ်သီချင်းနှင့် လမင်းသံစဉ် မှ၊ တာရာမင်းဝေ
0 Comments
အရာရာမှာ အောင်နိုင်ချင်လို့ ဘယ်ရပါ့မလဲ။
စစ်ပွဲတိုင်းအောင်ခဲ့ရင်တောင်... အောင်လံတော်လွှင့်ဖို့ ....မေ့ခဲ့လိမ့်မယ်ပေါ့။ စင်ပေါ်တက်ရပ်ပြမှ မြင်မယ်ဆို ဘယ်သူမှမသိလဲနေပါစေ... ငါသိပေမယ့်...ငါမသိခဲ့ဘူး။ ငါမြင်ပေမယ့်....ငါမကြည့်ခဲ့ဘူး။ အရာရာမှာ တမင်တကာငါမေ့ထားပေးပါ့မယ်။ လိုလိုချင်ချင်ဒူးထောက်ထားပေးခဲ့တဲ့ စစ်ဘုရင်တစ်ပါးကို ဘယ်ဓားတွေနဲ့ ကွပ်မျက်ချင်ကြသလဲ။ တစ်ရာ့တစ်ပါးသော..... လူမိုက်တွေထဲမှာ ငါက ထိပ်ဆုံးကပေါ့တဲ့.....သိတယ်။ လမ်းပေါ်မှာလျှောက်ခဲ့တဲ့ခြေထောက်တွေအတွက်... ကောဇောနီက နုနုလေးပါကွယ်။ ပိန်မသာလိမ်မသာဘ၀ကလာသူပါ.... အင်အားသုံးရယ်မောချင်ရင်တော့... အင်းလေ...ဒူးထောက်ပြီးမှတော့... ရင်မကော့တော့ပါဘူး။ ပေးအပ်သောတရားနဲ့ ကမ်းလင့်သူ့ လက်မမျှတဲ့အခါ ဖိတ်စင်သွားတဲ့ရေစက်လေးတွေကို ကလေးလို လက်ခုံနဲ့ မသုတ်တာကလွဲရင်.... သိပ်ကို နာကျင်ခဲ့တယ်။ ရွှေဓားကို ကိုင်ထားခွင့်ရခြင်းမှာပဲ... ငါရောင့်ရဲပါ့မယ်ကွယ်.... ကစားပွဲရဲ့ လက်မှတ်တစ်စောင်လို.....နောက်ဆုံးမှာ ငါက မြေပေါ်မှာမတ်မတ်ရပ်နေရမှာပေါ့လေ....။ သိခဲ့ပါတယ်...... ငါက ဆံချည်နဲ့ ထောက်ရင်တောင် ကြောက်တတ်ခဲ့သူမို့ ....... ဓားပစ်လှံချပေးထားတာပါ.... အံစာခေါက်လို့ ....ကျလာတဲ့...နံပါတ်တစ်ခုပဲထားပါတော့... ဒီလိုဘ၀နဲ့ တင် ကျေနပ်ခဲ့ပါတယ်။ နောက်ဆုံးမှာ မျက်ရည်လည်ရွဲ.... နေ၀င်ချိန်မှာ....တောင်ကွယ်က နေ၀င်ချိန်မှာ.... ဘ၀တွေ....ဘ၀တွေ... ဘယ်လို ခရီးကို ဘယ်လိုလက်နဲ့ ၊ ဘယ်လိုခြေနဲ့ ဆုံးပေးချင်သလဲ... ရွေးချယ်ပွဲကို .....ငါတို့ လူသားတွေ နွဲခဲ့ကြရ......... ဘုန်းသန့်ခန့် ၁း၁။ ။ကိုယ်ဘယ်ကို ဦးတည်နေသည်လဲ။ ဘယ်ဆီမျှော်မှန်းနေသည်လဲ။ ဘာ့ကြောင့် လဲကျရပါလိမ့်။
၁း၂။ ။ကိုယ် ဖိနပ်ချွတ်ပစ်ပြီး မတ်မတ်ရပ်တယ်။ တချို့ တွေကတော့ ကိုယ့်ခြေပေါ် ကိုယ်ရပ်တည်နိုင်ပါတယ် ဆိုပြီး ဖိနပ်စီးထားကြရဲ့။ တခါက ဖတ်ဖူးခဲ့သည့် ``ဖိနပ်ပေါက်´´သူများကို သတိရတယ်။ နောက်ဆုံးစာကြောင်းက ဘာပါလိမ့်။``ခြေထောက်ကြောင့် ဖိနပ်ပေါက်ခြင်း နဲ့ ဖိနပ်ကြောင့် ခြေထောက်ပေါက်ခြင်း နှစ်မျိုးရှိတယ်´´ ဆိုလားပဲ။ သိပ်မမှတ်မိတော့ဘူး။ ဖတ်ပြီးတာကြာခဲ့ပြီိကိုး။ ကိုယ်ကတော့ ခြေဗလာကိုစီးပြီး မီးတောက်ခရီးကို ဆက်ခဲ့၏။ ဒီလိုနဲ့ပဲ လမ်းလျှောက်တတ်လာပါလိမ့်မည်။ ၂း၁။ ။အိုးကောင်းဖြစ်အောင်ပဲ နာနာပုတ်ခံခဲ့ရလေသလား။ နာနာပုတ်ခံဖို့ပဲ အိုးကောင်း ဖြစ်ရလေသလား။ ၂း၂။ ။``မင်္ဂလာပါ ဆရာမ´´ဟူသော နှုတ်ဆက်သံတို့သည် တခါတခါ ``မင်္ဂလာပါ ကြိမ်လုံး´´ ဖြစ်ဖြစ်သွားသည်။ မရရင် ရိုက်မယ်ဆိုသော စာသားကို ရရင်ပုံပြောမယ်ဟူသော စာသား သို့မဟုတ် အခြားသော သင့်တင့်ရာတို့ ဖြင့် အစားထိုး သုံးသွားချင်ပါ၏။ ၂း၃။ ။ရည်စားနှင့်စိတ်ဆိုးလာသော မလှသည် ဆရာမတစ်ယောက်ဖြစ်ပြီး၊ အိမ်ထောင်ရေး အဆင်မပြေဖြစ်လာသော ဦးဘသည် ဆရာတစ်ဦး ဖြစ်ခြင်းကြောင့် ကကြီး၊ ခခွေး ရေးတတ်စ ကျောက်သင်ပုန်းလေးများသည် တုန်ရင်နေရဦးမည်။ ၂း၎။ ။ဆရာကြီး အခန်းရှေ့ရှိ ခေါင်းလောင်းအိုကြီးသည် အိုကြီး၊ အိုမနှင့် ခဏ၊ ခဏ အရိုက်ခံရ၏။ ခေါင်းလောင်းအိုကြီးကို သနားမိခဲ့ပါသည်။ ၂း၅။ ။ကျောင်းတော်က ရင်ခွင်ကို ခွဲဖွင့်ပေးပြီးပေမဲ့ ကိုယ်မထွက်ခွာသေးပါ။ မြေဖြူမှုန့်တွေ နင်နေသော မီးခိုးရောင် ဆံနွယ်များကို နှုတ်ဆက်ခဲ့ ပါဦးမည်။ ဘာမှ မပေးကြသော်လည်း ကျွန်တော် စို့စို့ပို့ပို့ ရရှိခဲ့ပါ၏။ စစ်စစ်စီစီ သုံးစွဲသွားပါရစေ။ ၃း၁။ ။စာရေးသစ်သားခုံတန်းရှည်လေး၏ ထောင့်စွန်းတွင် ကိုယ့်အနွေးအင်္ကျီလေး ထိုင်နေပါသည်။ အဝေးက ငေးရရုံနဲ့ပင် နွေးတတ်ခဲ့ပါ၏။ ခဲတံချွန်သော စတီးဓားလေးသည် ခုံတန်းလေး၏ ကျောပြင်ပေါ်တွင် အနမ်းတစ်ပွင့် ပွင့်ပေးဖူးသည်။ ကြာသွားသော ကာလရောက်ချိန်တွင် ခြစ်ရာရှရာများပေပွကာ ပျောက်မြုပ်သွားပါလိမ့်မည်။ ၃း၂။ ။ဘ၀တစ်ဆစ်ချိုးဟူသော နာမတွေ၊ နတ်ကြီးတယ်ဆိုသော အယူအဆတွေ ၀တ်ဆင်ရေပန်းစားနေသော တံခါးတစ်ချပ်ကို ဖွဖွမခေါက်မီ ရက်များတွင် ကိုယ့်အနွေးထည်လေး ၀င့်ဝင့်မြတ်မြတ်ဝေလာသည်။ သင်းသင်းပျံ့ပျံ့မွှေးလာသည်။ ခုံတန်းရှည်များတွင် တစ်ကိုယ်တည်းထိုင်တတ်သော၊ ဘုရား တံတိုင်းပေါ်တွင် ငေးရီနေတတ်သော၊ တချို့ မေးခွန်းများကိုသာ ထဖြေတတ်သော၊ အကျီင်္တချို့ကို ရက်ရှည်မချွတ်တမ်း ၀တ်တတ်သော ကောင်လေးကို သူမနှင့်တွဲ၍ ပန်းနဲ့ လိပ်ပြာလို မည်သူမှ မပြောကြပါ။ (ပြောနေစရာလိုသော ကိစ္စမဟုတ်၍လည်း ဖြစ်နိုင်ပါ၏။) ၃း၃။ ။နှင်းတဖွဲဖွဲကျနေသည့် တချို့ညများတွင် ကောင်လေးသည် သူ့ဝတ်ရုံလေးအပါးတွင် တိုးတိုးလေးရပ်ကာ၊ ပန်းရုံဆီပြန်သွားမည့် ရနံ့လေး၏ လေပြေမဝေ့မီ အချိန်လေးများကို လုံခြုံစေခဲ့ဖူး၏။ ၄း၁။ ။ထိုသို့ဖြင့်ပင် တံခါးတစ်ချပ်သည် သူတို့ကို ဟင်းလင်းဖွင့်ပေးခဲ့သည်။ ထိုမည်သော ခြေလက်တို့နှင့်ပင် ငါတို့လှမ်းဝင်ခဲ့ကြသည်။ ထိုမည်သော တံခါးတစ်ချပ်နှင့်ပင် ငါတို့ဝေးကွာခဲ့ကြ၏။ ၅းဝ။ ။သက္ကရဇ်တို့ တ၀ုန်းထန်ထန်ကခုန်ခဲ့ကြသည်။ ပွင့်လွှာများလို ပြက္ခဒိန်ရွက်တို့ ကြွေကျခဲ့ရသည်။ ၆း၁။ ။ကိုယ်သည် ဇာတ်မင်းသား မဟုတ်သော်လည်း အ၀တ်တစ်ထုပ်ထမ်း၍ (အဿပြာတချို့လည်း တနင့်တပိုးရွက်၍) တက္ကသီလာသို့ ရောက်ခဲ့ရသည်။ရောက်လာခဲ့ပြီ။ ၆း၂။ ။ကိုယ့်တွင် သစ်ပုပ်ပင်မရှိ။ ဂျပ်ဆင်မရှိ။ အဓိပတိလမ်းမရှိ။ ဦးချစ်ဆိုင်မရှိ။ ၆း၃။ ။သို့သော်လည်း လိပ်မင်း ``၂၁၈´´ရှိ၍ နေမင်းသူရိန်ရှိပါသည်။ အဆောင်ရှေ့မှ ကွန်ကရစ်လမ်းရှိပါသည်။ Graffiti တွေနှင့် ကိုယ့်အခန်းလေးရှိပါသည်။ သူငယ်ချင်းအချို့ ရှိပါသည်။ အပေါင်းအသင်းအများအပြားရှိပါသည်။ စိုးစံလက်ဖက်ရည်ဆိုင် ရှိသည်။ ရိုးပြတ်နံ့နှင့် ညနေခင်းတွေရှိပါသည်။ ၇းဝ။ ။ဗလာစီးသော ခြေဖြင့် ကိုယ်လျှောက်၏။ ခုံမခုသောလက်ဖြင့် ကိုယ်ခူး၏။ သင်ရိုးအနည်းငယ်နှင့် စီချုပ်ထားသော အနွမ်းယောင်အသစ်များ အများအပြား ကိုယ်ရရှိခဲ့ပါသည်။ အာဒံ၏ သားတော်များ စုဝေးရာ ဒေသဖြစ်သဖြင့် ကိုယ့်အနွေးထည်လေးကို အနည်းအကျဉ်းတမ်းတမိပါသည်။ တမ်းတမိသော စကားတို့ကို စုကာသီထားတတ်သောအခါ ကိုယ်စာရေးလေ့ရှိသူ ဖြစ်လာ၏။ သို့မဟုတ် မှတ်ဥာဏ်နံပါတ်များကို အစီအစဉ်တကျ ချပြသူ။ အစီအစဉ်တကျ ဖျောက်ပြသူ၊ ဖရိုဖရဲ ဆက်ပြသူ၊ ..........သူ၊ ..............သူ ဖြစ်လာသည်။ ၇းဝ။ ။``မီတောက်ရစ်သမ်´´ကို ကြိုက်၏။ ``ပန်းကျောင်း´´ကို လွမ်း၏။ ``စည်းအပြင်ကလူ´´ကို အားမရ။ ထို့ထက်ပို၍ ကိုယ် ခံစားဖူး၏။ ``ပြိုင်မြင်းတို့၏ ခွာသံများ´´ကို ကြား၍ ``သမုဒ္ဒရာဖတ်စာ´´ ကို ပိုက်ကာ ``အနုပညာစံ´´ကို တွေ့ခဲ့ဖူးသည်။ ``စက္ကူပေါ်က သစ်ပင်´´ပေါ်တက်ဖူးသည်။ ``စကားခုနစ်ကြိမ်ကြာပြီးနောက်´´တွင် ကိုယ် ဘာဖြစ်ခဲ့သေးလဲ။ ထိုသို့ ဖြင့်ပင် ကိုယ် လည်ပတ်ခဲ့သည်။ ကိုယ့်လက်တံတို့သည် ဘယ်ဆီညွှန်းလေမလဲ။ ဟာသတစ်ခုထဲကလိုပင် ထိုးပြီး ဆယ့်ငါးမိနစ်၊ လက်တံအတိုက ကျပျောက်ထားတာကြာပြီ။ ၈းဝ။ ။ထိုသို့ဖြင့် ညများတွင် အိပ်မပျော်တတ်တော့ပါ။ တိတ်ဆိတ်ခြင်းနှင့် စကားစမြည်ပြောရင်း ကိုယ်ပွားယူခဲ့သည့် ပန်းရုပ်ပွားကို တိုင်တည်၊( ပွားယူခဲ့သည်ဆိုသော်လည်း ဘယ်နေရာမှာ လင်းပနေသော မီးအိပ်လေးကမှန်းမသိခဲ့ပါ။)၊ လမင်းမကြားအောင် တိတ်တိတ်လေး စကားဆိုရင်း နေသားတကျ ရှိလာသည်။ ၉း၁။ ။ကျွန်တော့် ဥယျာဉ်သည် ထိုသို့ဖြင့်ပင် ဝေစီခဲ့။ နက်နက်လှိုက်တူးထားသော တွင်းနှုတ်ခမ်းမှ ကပ်၍ ဘာမှမရှိဘူး ဟူသော အော်သံကို ထိတ်လန့် တသာနားဆင်ခဲ့ရ၏။ ဘာမျှမဆိုင်သော အိပ်မက်များကို ချွတ်ချပစ်လိုက်တော့မည်။ ၉း၂။ ။ဘာအတွက်စားသောက်နေသလဲ။ ဘာအတွက်ရှင်သန်နေသလဲ။ ၉း၃။ ။ဘာအတွက်မှ မဟုတ်ပါ။ ဘာကိုမျှလည်း မတပ်မက်တော့ပါ။ ၉း၎။ ။တခါက မက်မောမိသော ကစားစရာများသည် လက်ထဲတွင် မက်မောစရာ မကောင်းတော့။ မက်မောစရာအသစ်ကို ထပ်တွေ့ရပြန်သည်။ စတိုးဆိုင်ထက်မှာ အကောင်းဆုံး နာမည်တပ်လို့။ ဘယ်တော့ဆုံးမလဲ။ ၉း၅။ ။အနက်ရောင်၏ ဟိုးအောက်ခြေထိ ဆင်းကြည့်ချင်သည်။ ဘာကြောင့်နက်နေသလဲ။ အဖြူရောင်မရှိတော့သောအခါ အားလုံးတူညီသွားမည်လား။ ၉း၆။ ။ဘယ်သူ သတ်မှတ်ခဲ့သလဲ။ ဘယ်သူ ပိတ်မိခဲ့သလဲ။ ကျေးဇူးပြု၍ မဖြေပါနဲ့တော့။ ၉း၇။ ။ကျွန်တော့်တွင် ဖိနပ်လေးတစ်ရံမရှိခဲ့ပါ။ ( ရှိခဲ့လျှင်လည်း မ၀တ်ဆင်ချင်ပါ။ ကိုယ်သွားချင်ရာကို သူက မလိုက်ချင်လိုက်ချင်ဖြင့် လိုက်နေရလျှင် သူပင်ပန်းနေဦးမည်။) ထို့အတွက် ပို၍မြေကြီးရနံ့ကို ခံစားမိ၏။ ညောင်းနွမ်းလာသောအခါ လမ်းဘေး သစ်ရိပ်အောက်ဝင်ထိုင်ရင်း ရောက်တတ်ရာရာ တေးများကို ငြီးဖူးသည်။ ၉း၈။ ။သူတစ်ပါး မျက်လုံးထဲတွင် အသက်မရှင်ချင်ခဲ့။ နေရတာကျဉ်းကျပ်နိုင်သည်။ သူ့မျက်ဝန်း သေးသေးလေးနှင့် ကိုယ်မည်သို့မှ ဆန့်မည် မဟုတ်ချေ။ ထိုအခါတွင် စကားလုံးများကို သွားတိုက်မပေးဘဲ ရွတ်လာကြဦးမည်။ ၉း၉။ ။ကိုယ်လျှောက်တတ်သလို လျှောက်နေပါ၏။ ၀းဝ။ ။ဘယ်ဆီရောက်ရောက်ပေါ့။ အဓိက ကတော့ ကိုယ်လျှောက်နေဖို့ပဲပေါ့။ ဘုန်းသန့်ခန့် A014512JUL08 -- http://www.phonethantkhant.co.cc |
Author
|


RSS Feed