|
ဆိုးမှာစိုးလို့ စိုးရင်း ဆိုးခဲ့ကြပြီမေမေ……… အမှောင်ထဲက ရုန်းထလာတဲ့ ပျပျလင်းမီးစုန်းစက်လိုပဲ တလဲ့ချင်းတလဲ့ချင်းတော့ သူသူကိုယ်ကိုယ်------- ထွန်းလက်လွင်ချင်ကြမှာပါ…..၊ အသိဥာဏ်၊ အတွေးဥာဏ်၊ ခံစားစွမ်းရည်မှတ် ခပ်လှမ်းလှမ်းတော့ တိုးတက်မှာပေါ့…..တဲ့ ဆို(ဆူ)မှာစိုးတော့ စိုရင်း လှမ်းရဦးမယ့်…… မိုးသည်းသည်း အိမ်အပြန်လို ကိုယ်ရယ်၊ ကောင်းကင်ကြီးရယ်၊ ပြီးတော့ တုံးလုံးပက်လက် လမ်းမကြီးရယ်၊ မိုးသည်းထဲမှာရပ်၊ ဆိုင်းဘုတ်ကိုင် အော်နေဆဲ ကြော်ငြာပစ္စည်းတွေက စိုရရိုရွဲလို့၊ စိုမယ့်စိုတော့ မရပ်ဘဲဆက်သွားကြည့်ဦးမယ်……..။ တိုးဟယ်တက်ဟယ်နဲ့ပဲ ကိုယ့်မလဲ တတိတိကြီးရင့်လိုက်ရတာ ဝေမလား၊ ကြွေမလား၊ ဒါမှမဟုတ် ဝေလေလေ ညောင်ပင်တစ္ဆေလား………….. ပြင်းပြတဲ့ ခံယူချက်၊ ယုံကြည်မှုအတွက် ဘယ်တော့မှ အညံ့မခံဘူး…….မေမေ ဘယ်လိုမှ နှောင်တည်းမခံဘူး…….၊ ဘယ်လောက်ဘဲ ကြီးမားခန့်ညားစေဦး လှောင်ချိုင့်ထဲထည့်ထားရင် ကုပ်ကန်ပဲကန်နိုင်တော့မယ့်ဘ၀ ကြည့်……….သား အဲဒါကို မြင်ရခဲတယ်……… အားလပ်ရက် လူကြည့်ခံဘ၀ကိုတော့ ရဲရဲဝံ့ဝံ့ငြင်းရမယ်……၊ ရဲဝံ့ပေမယ့် ညင်ရမယ်၊ ထုထည်ထည်နဲ့ လျင်ရမယ်။ စနစ်တကျ ထုတ်လုပ်ထားတဲ့ အစဉ်အလာသွန်သင်မှုကနေ သွန်သင်မှုကြောင့် စနစ်တကျထွက်လာတဲ့ နယ်ရုပ်တွေများလှပေါ့……….. မတ်မတ်ရပ်ပါ၊ ရင်ကော့ပါ…….. ပြီးတော့ ဘာဆက်လုပ်ကြမလဲ…….. ခင်ဗျားလဲ မောင်ပုလဲ၊ ကျုပ်လဲ မောင်ပုလဲပဲ။ တအူအူထနေတဲ့ မီးခိုတွေများတော့ မြင်သာထင်သာ……. ထင်ရုံထင်ပြီး မမြင်ရတဲ့ေ၀၀ါးဝါးမနက်ပေါ့….. တိတ်တိတ်လေးနေနေဦးမယ့် လေလျှင်လေးတွေငြိမ်လို့ အမှုမှတ်မဲ့….. အတိတ်အတွက် ကြိုတင်ပြင်ဆင်တာများလာတော့ အနာဂတ်ဟာ ယောင်ချာချာကျန်ရစ်…….. ဆုတံဆိပ်တွေပိုက်၊ ပထမတွေပိုက် ………ပြီးတော့ ချီးမွမ်းသံတွေပိုက်ပြီး စနစ်တကျ လက်ပိုက်ရပ်နေတဲ့ စက်ရုပ်ငယ်လေးများ….. ကစားမလား၊ နားမလားကို မြင်ရုံသာထိ၊ စာနဲ့ ပညာမကွဲပြားတော့အောင်ကို တိုက်ခံလိုက်ရတဲ့ မှိုင်းက ဒါဝင်ကြီး ချောင်းဆိုးစေတယ်။ အမှန်ကတော့ တိုက်ခံလိုက်ရတဲ့ မှိုင်းဟာ ဒါဝင်ကြီးကို ချောင်းဆိုးစေတယ်ပေါ့… ဒါမှမဟုတ် ဒါဝင်ကြီးချောင်းဆိုးတာ အတိုက်ခံရတဲ့ မှိုင်းကြောင့်ပေါ့…. ဘယ်လိုရေးရေး…….. ဒါ ၀န်ကြီး ချောင်း ဆိုတဲ့ စာမဟုတ်ဘူး၊ ကိုယ်ပတ်အ၀တ်စလို သုံးခံရတဲ့ ယဉ်ကျေးမှုအစဉ်အလာက လန်ကွတ်တီဆန်သွားပြီး……….. ။ထိန်းသိမ်းရမလား၊ တိုးတက်ဖွံ့ဖြိုးစေရမလား။ အနာဂတ်ဟာ အမှိုက်တောင်ပုံရာပုံနဲ့……… ခင်ဗျားကိုယ်ခင်ဗျားကြည့်……..ဦး လမ်းမပေါ်ထွေးချမယ့် ကွမ်းသွေးဆန်နေတယ်ဆိုတာ၊ လိမ်ညာပြထားတဲ့ ၀င်ငွေစာရင်းဆိုတာ၊ ရှေ့ဘုရားထူးပြီး၊ နောက်ကွယ်မှာ ဘုရင်လုပ်ဖို့သာ ချောင်းနေတဲ့ ခပ်ပေါ့ပေါ့လူသားတွေအပြည့်နဲ့….. ပြီးတော့ ဘာဆက်လုပ်ကြမလဲ…….. ခင်ဗျားလဲ မောင်ပုလဲ၊ ကျုပ်လဲ မောင်ပုလဲပဲ။ ကြည့်လေ… အမေ့ကိုလည်းကန်လိုကန်၊ အဖေကိုလည်း ကာပြန်ပြန်နဲ့….. စာရိတ္တ အသုံးလုံးပေးရမလို……….. ဟုတ်တော့လည်းဟုတ်ပါ့…… ဆရာမက “နင်တို့ကို ဇိကုပ်ပြီး နတ်ပြည်တင်တာဟဲ့” ……..တဲ့ သူဘယ်လောက်ပြောပြော…. ကျွန်တော့်မုန့်ဖိုးလေးကိုတော့ မလှူရက်တာ အမှန်ဘဲ၊ “မင်းစာမကျက်ချင်ရင် အမှိုက်ကောက်ရမယ်”…. အဖေ့စကားမဆုံးခင်ဘဲ ကျွန်တော်ပြင်ဆင်ထားပြီးသား တုတ်ချွန်ရယ်၊ ဆာလာအိတ်တစ်လုံးရယ်ကို ၀မ်းသာအားရပြေးယူပြီး အမှိုက်ပုံဆီ အပြေးတပိုင်းသွားဖူးတယ်………… စဉ်းစားကြည့်လေ တံခါးပိတ်ထားတဲ့ ၀န်းကြီးထဲမှာ မျက်လုံးလေးပြူးရင်း ပျော်အောင်မနေရတဲ့ ဘ၀ထက်စာရင်……. လွတ်လွတ်လပ်လပ်ကို ကိုယ်နေရမယ့်ဘ၀ကို ရွေးမှာပေါ့…. ပညာတတ်ရင်+ မတတ်ရင် (ဘာဖြစ်မလဲ)=……… ကြက်တူရွေးဆန်ဆန်နေရင်း ပျင်းသေရမယ့်ဘ၀….အဲ့လိုပဲ တွေးမိ ထင်မိ ဖူးတယ်။ ဖြစ်နိုင်ရင်…. ကျွန်တော် အမှိုက်ကောက်ရင်းပဲဖြစ်ဖြစ်၊ စားပွဲထိုးရင်းပဲဖြစ်ဖြစ်၊ ရေခဲချောင်းပုံးလေး မနိုင့်တနိုင်ထမ်းရင်းပဲဖြစ်ဖြစ်….က..ကလေးငယ် ချစ်စဖွယ် ဆိုပါရစေ…. ဒါမှမဟုတ်…… ဆိုကြရပါစေ……… ဆက်ရေးလို့မရအောင် ဝေလာဝါးလာပြန်ပေါ့ ခေါင်းလောင်းသံကို ကျောခိုင်းထားရတဲ့ ရေဝေးသစ်စေ့ခြောက်လေးတွေကို မြင်ရရင်……. ကျွန်တော်ပါးပြင်တွေစိုတယ်…..၊ ကိုယ်က အပျော်သဘော အမှိုက်ကောက်ခဲ့ပေမယ့်……. (ဖြစ်နိုင်ရင်တော့ အမှိုက်တွေကို ကုန်စင်အောင်ကောက်ပစ် ပေးချင်တယ်) အလုပ်သဘော ရေခဲပုံးလေးထမ်းလာတဲ့ တခါက အတန်းဖော်ကိုမြင်တဲ့အခါ…… “ဟေ့ကောင်.. ရေခဲချောင်းပျော်ခါနီးရင် စားလို့ ရတယ်ကွ၊ သိလား” သူပြောတဲ့စကားသံတွေက အခုမှကြားတယ်……. သူ့ဘေးမှာထိုင်ရင်း…….. သူလွယ်ထားတဲ့ လွယ်အိတ်လေးထဲမှာ ထမင်းဘူးလေးရယ်၊ ငွေစက္ကူနွမ်းတွေရယ်၊ ပြီးတော့……..ပြီး………… သူရဲ့ သိပ်လှတဲ့ လက်ရေးနဲ့ ကျောင်းစာအုပ်လေး………. အဲ့တုန်းကတော့ ကိုယ်လည်း။ သူနဲ့အတူ။ ရေခဲချောင်းပျော်လုလုတွေကို စားရင်း……… ပျော်နေခဲ့ဖူးတာပဲ……………………………………. ကိုယ်လည်းပျော်သူလည်း……..သူ……….လည်း……..သူ……ပျော် ပြီးတော့ ဘာဆက်လုပ်ကြမလဲ…….. ခင်ဗျားလဲ မောင်ပုလဲ၊ ကျုပ်လဲ မောင်ပုလဲပဲ။ စိုးမှာ စိုးတော့ ဆိုးရင်း စိုးတာတွေရပ်….. မနေ့ကအကျန်တွေကို သွန်ပြီး၊ မနက်ဖြန် ဖြစ်နိုင်ရင် ခင်ဗျားရော၊ ကျွန်တော်ပါ မောင်ပုလဲ မလုပ်ကြေး………… ကျွန်တော်က အနာဂတ်တစ္ဆေ ဟိုး……….ကောင်းကင်ကိုင်းမှာ နေ………. ဘုန်းသန့်ခန့် P094024FEB14+530GMT, INDIA
0 Comments
|
Author
|


RSS Feed