|
သူရယ်ကိုယ်ရယ် နှစ်ယောက်တည်းလို့ ထင်ထားတာ။တကယ်တော့ သူရယ် ကိုယ်ရယ် နှစ်ယောက်တည်း မဟုတ်ခဲ့ဘူး။ အလွှာအထပ်ထပ်၊ သပ်တွေများ ပရပွညှပ်လို့၊တပြုံတမ၊ လူသူပရိတ်သတ် သိပ်များခဲ့တယ်။ အိပ်မက်လေးတွေထဲမှာ တိတ်တိတ်လေးသိမ်းပြီး တိုးတိုးလေးယုယခဲ့ဖူးတာလေ။အသူတရာမက နက်တဲ့ မျက်ဝန်းတစ်ခတ်မှာ ဘာမှလည်း မရှိတော့ဘူး။ ဘာမှလည်း အရာမကျန်ဘူး။ ကမ္ဘာတစ်ခုလုံးပေးခဲ့တာပါ။ ကမ္ဘာတစ်ခုလုံးကလည်း စကားတစ်စလောက် မကြီးကျယ်ပြန်ဘူး။ ဘာလို့လည်းဆိုပြီးမျက်ရည်တွေကျ၊ အသံတွေတုန်ပြီး ကိုယ့်အတွက် သိပ်ကို ကြီးကျယ်၊ ပြောလေချစ်သူ မပြောလို့မသိသူမှာ အပြစ်တွေသင့်ပြီလား၊ ဘာတွေများ လိုအပ်မလဲလို့ ကြည့်ပြီး အလုံးစုံပေးအပ်ချင်ခဲ့တာ။အိပ်မက်လေးတွေရယ်၊ မျှော်လင့်ချက်လေးတွေ၊ နောက်ပြီး ယုံကြည်ချက်ဖြစ်လာတဲ့ ယုံကြည်မှုရလဒ်တွေရောလေ၊ အင်းနော် လက်ချောင်းတစ်ချက်ခတ်က ထွက်မယ့်လေလျှင်စကားလုံးတွေနဲ့ဆို ကိုယ့်ကမ္ဘာလေးကငယ်မှာပေါ့လေ။ တစ်စုချင်းဖြိုးဖျပ်လက်စ စကားလုံးပန်းကုံးတွေက ကိုယ့်ရင်မှာ ကမ္ဗည်းနက်ပြီးမှလာရလို့ သိပ်ကိုကြာတယ်လေ။ ဟန်ဆောင်စကားတွေမဟုတ်တော့ ဆေးခါးကြီးဆန်လိုက်တာ။ ကိုယ့်မှာသကာရှိပေမယ့် နောက်ဆိုမယ့်တေးသစ်တွေကို အတူစုံဆုံးဆုံးတိုင် ယှဉ်တွဲတီးခတ်ချင်မိတော့ကိုယ့်ရင်ကို ဟင်းလင်းပဲထားကြည့်ချင်တယ်။ အထပ်ထပ်ကာပြီးမှ ပိတ်ပိတ်ဖုံး မထားရက် ဘူးလေ။မာယာတွေမပါဘဲ ကိုယ် မင်းအတွက် အလင်းပေါက်တဲ့လူတစ်ယောက် ဖြစ်ချင်တယ်။ ပွင့်လင်းမြင်သာမှုပေါ့လေ။ဘာမှမခြားဘဲ မင်းကို မြင်စေချင်ခဲ့တာပါ။
တင်းကျပ်တယ်လို့ ထင်ထားတဲ့ ကြိုးတွေကို မင်းဆီပို့ရစ်နှောင်တိုင်းကိုယ့်ကိုယ်ကိုလည်း စည်းနှောင်ခဲ့ပါတယ်။ အစတည်းက တိတ်ဆိတ်နေတဲ့ ကိုယ့်အခန်းလေးက ပိုပြီးသိုသိပ်မင်းအသံတစ်ခုပဲ မီးအိမ်လို ချိတ် နွေးခဲ့တာ။ ဘာကိုမှ မကြား၊မမြင်နေလာခဲ့တာလည်း ကြာတော့ကိုယ့်ဝသီဟာ မင်းကို ရုတ်တရက် တိတ်ဆိတ်မှုမှာ နစ်စေခဲ့ပြီ ထင်တာပဲလေ။ တလူလူလွင့်ရင်းလှနေတဲ့ တံခွန်လေးကို ယှဉ်လုယူ၊ ရပြီလည်း ဆိုရော အခန်းထဲအတင်းပိတ်၊ တယုတယလို့ ထင်ထားတဲ့ကိုယ့်အတ္တနဲ့ မွန်းကျပ်စေခဲ့ပြီ၊ ကိုယ့်မှာ ခေါင်းဆယ်လုံးမရှိဘူး။ ရုပ်လက္ခဏာကျမ်းတွေကဆိုပေမယ့် ကိုယ်က မတူခြားကွဲခဲ့ပါတယ်လေ။ ရှိတဲ့လက်ဆယ်ချောင်းလေးနဲ့ပဲ မင်းကို ထွက်ပြေးမှာစိုးလို့အရူးတစ်ယောက်လိုဖြစ် အတင်းထွေးပွေ့ မိခဲ့တာပါ။ အခုတော့ ဒဿသိပ်ဆန် အင်းလေ ဘီလူးတစ်နွယ်ကပန်းဖူးငယ်ငယ်ကို ရစ်တွယ်နှောင်လို့လည်း ပန်းပွင့်လေး ဖွံ့လှလာမယ်မှ မသေချာတာပဲလေ။ ရေမှာမျောလာတဲ့ ပုံလွှာကို ကြည့်ပြီး တောအထပ်ထပ်၊တောင်အစွယ်စွယ်ကိုဖြတ်၊ အိပ်မက်အထပ်ထပ်နဲ့ ဆက်ရင်း မတူမှန်းသိလည်း တူလိမ့်မယ်၊ တူလာလိမ့်မယ်လို့ယုံကြည်ရင်း၊ တူအောင်လည်း ကျင့်ရင်းလာခဲ့သူ အခုတော့ လေးတင်ပွဲမှာ စတွေ့၊ ကြိုးတော့ကြိုးစားခဲ့တာပဲလေကွယ်။ ကံကို အလုပ်လို့ ယုံမှတ်ပြီး မပေမယ့် ကြွရုံကြွတာတော့ ဘယ်တတ်နိုင်ဝံ့ပါ့မလဲ။လေးမဖို့သီးသန့်သပ်သပ် အကြိမ်ကြိမ်အထပ်ထပ် ရသေ့နားကပ်ကျင့်လာတဲ့ သူနဲ့တော့ ငါက ဘယ်တူပါ့မလဲကွယ်။ဘီးလူးတစ်ပွင့် ပန်းစွင့်စွင့်မြင်လို့ ရပ်ရင်းရုန့်ရူးသွားတယ်။ စိတ်ရူးနဲ့ ဖူးပေမယ့်ပွင့်လာတာ အတုတုနှိုင်းမရမယ့် မေတ္တာပန်းပွင့်ဖွားဖွားလေးပါကွယ်။ တကယ်ဆို သီတာ…. နင်မီးပုံထဲကိုငါ့ကြောင့်ခုန်ချဝံ့ခဲ့တာပါကွယ်။ နင်ဝုန်းဆို ခုန်ချပြီး ၀ုပ်ခနဲငြိမ်းမြနေဖို့ အစွယ်ဖွားဖွားဘီလူးကပန်းလိုဖူးစေ၊ ဝေစေခဲ့တာပါ။ ဇတ်စတည်းက ဘီးလူးကွက်နင်းကရလို့ ပရိတ်သတ် မျက်မုန်းကျိုး၊ဟောကြည့် လေခွင်းဝင်မြားမှန်ထိတော့ လက်ခုပ်တီး ထောပနာကြမယ်။ နင်ပျော်ပါစေ… သီတာ။ ငါ့အစွယ်နဲ့သံလျှက်သွားက နင်ချစ်သောသူကို မကြာခဏရွယ်မိပေမယ့် တစ်ချက်မှ ပျပျလေးမျှရှပ်မထိစေခဲ့ပါဘူး။နင်တောင် မသိပါဘူး… မိသီတာ။ ဟာချက်တွေ သိပေမယ့်၊ ဟာကွက်ကို မနင်းဘဲ နင့်အတွက် ပျော်စရာ၊ဟားကွက်ချည်းပဲ ရာဇ၀င်တွင်ပေးခဲ့ပါ့မယ်။ မြားကိုသိပေမယ့် မြားကိုမကြည့်ဘဲ၊ မြားကိုမြင်ပေမယ့်မြားကို မချင့်ဘဲ၊ ငါဆိုခဲ့တဲ့ စကားက မြားလားရာကို မဖယ်စေခဲ့ပါဘူးလေ။ ငါဆိုခဲ့တဲ့ သစ္စာကမြားမှန်မှာကို မကွယ်စေခဲ့ပါဘူး။ ငါဆိုခဲ့တဲ့ သစ္စာဟာ၊ ငါဆိုသွားတဲ့ စကားဟာ ငါ့နဲ့အတူပါသွားပြီသီတာ…. နင်မသိတော့ပါဘူးလေ။ ကြည့် ဘီလူးတစ်စ မျက်ရည်မှုန်းချရွာတော့ ဘယ်သူမှမငိုကြဘူး။ ကိုယ်တစ်ယောက်တည်း မျက်ရည်ဝဲလို့။ မိုက်မဲတဲ့သီတာ… မယုံကြည်လို့ ဖယ်သွားစေသူရှေ့မှာမီးပုံထဲခုန်ချသွားတယ်။ ကိုယ်မြင်တာက မီးပုံထဲက ဒဿမေတ္တာ သီတာ အေးမြနေမှာပါလေ။ မလောင်လို့ပြန်လာမှတော့ဘယ်သူက ဆင်စွယ်ပြန်သိမ်းမှာလည်း။ ယောင်္ကျားတန်မဲ့ ရာမစကားလွှဲတယ်။ သီတာအေးချမ်းပါစေကွယ်။ကိုယ်တစ်ယောက်တည်း မျက်ရည်ဝဲလို့။ တော်ပြီကွယ် ရာမဇတ်မှာ ကိုယ်လူကြိုက်လွဲတယ်ထင်ရဲ့။ ကိုယ်အပြေးအလွှားကောက်ကိုင်ကြည့်မှ ရယ်မိတယ်။အင်းနော်။ ဘယ်လိုပိုးမျှင်ကမှ မထိနိုင်တဲ့ ဒေသမှာ ဖြစ်များဖြစ်နေမလားထင်ခဲ့တာ။ ပြီးမှအရှက်ပြေပြောမိတယ်။အရူးလို့။ သူကလည်း ပြန်ပြောတယ် အရူးတဲ့။ ဒါနဲ့ပဲ သူ့ကို မျက်နှာသစ်၊ ရေချိုးပေး၊ အိပ်တော့မယ်လို့ပြောလိုက်တယ်။ အိပ်တော့မယ်တဲ့။ ကြောင်ကလေးက လက်လေးမြှောက်ပြန်ပြောတယ်။ ရယ်ရတယ်။ မနက်ခင်းနိုးထတော့သီချင်းလေးက လေလှိုင်းတွေဖြတ်လာရလို့ တိုးတိုးလေးကနေ ကျယ်လာသလား။ အင်း… ကိုယ်က စိတ်ကူးယဉ်ပြန်ပြီ။ဟိုးအရင်ရင် တစ်ရက်ရက်တုန်းက ရောက်လာတာလေ။ ကိုယ့်နှိုးစက်သံလေး မရိုးခဲ့ဘူး။ ၀ါးလုံးခေါင်းထဲဝင်ပြီး၊မြောင်းထဲစီးမျောနေတော့ ဘာမှမသိရဘူး။ အလင်းလေးက ဖွင့်ပြမှ သိခဲ့၊မြင်ခဲ့၊ ကြားခဲ့ရတာလေ။ကိုယ်သိပ်ကြိုက်တဲ့ သီချင်းလေးတွေ တစ်ခုချင်းတိုးလို့၊ ဘယ်ကနေလွင့်လာသလဲ၊ ဘယ်က တစ်ဆင့်လွှင့်နေသလဲ၊ကိုယ်အေးမြနေခဲ့တာ။ ကိုယ်သိပ်ပျော်ဖူးတယ်။ သီးသန့်လေး……..။ တစ်ပင်တည်းပျိုးလို့ ဟားသူဟားပေမယ့်တစ်ပွင့်တည်းပဲ ကိုယ်က လိုချင်တာလေကွယ်၊ လုံလောက်လွန်းနေမှပဲ။ ၀ုန်းကနဲကိုယ့်ရှေ့က ထရပ်ဖူးတဲ့ ကောင်မလေးက၀ုပ်ကနဲပဲ မီးတောက်ကြားမှာပျောက်သွားတယ်။ မှော်လူသူတွေအချင်းချင်းမှာမှ သူမက ကိုယ်ကိုပိုညှို့ယူနိုင်ရဲ့လေ။ အရင်ဟိုးငယ်ငယ်တုန်းက သူမလက်ထဲက လွင့်လာတဲ့ သစ်ရွက်လိပ်ပြာလေးကိုလည်းကိုယ်တယုတယသိမ်းထားတယ်။ လက်မှတ်လေးတွေလိုပေါ့လေ။ အတူသွားဖူးတယ်။ အတူလာဖူးတယ်။ တစ်ချိန်မှာလို့မျှော်လင့်ဖူးခဲ့တယ်။ ကိုယ်နဲ့မတော်တဲ့ အ၀တ်တွေဝတ်ရင်း၊ ကိုယ်က ကိုယ်နဲ့ မတော်တဲ့ အိပ်မက်ကိုတိတ်တိတ်လေး လွယ်ထားတာ။ ဘာမန္တန်မှ မရွတ်ဖတ်ဘဲကို ပြုံးပြုံးကြီးလွယ်ထားတာ။ ခန်းဆောင်ဝင်အစမှာကြောက်လန့်ဆုပ်ဖူးတဲ့လက်လေးက ခန်းဆောင်ထဲရောက်တော့ သွေသွေလေးကွာသွားတယ်။ အစအနောက်သိပ်သန်သူတွေကိုမတန်တဆရင်ဆိုင်ရင်း ကိုယ့်ရှေ့ဝုန်းကနဲ ထရပ်သူလေးကို ကြေမုံပြင်မှာ မမြင်ရတော့ဘူး။အိပ်မက်အိုတွေ၊ ဆေးရည်စက်တွေ၊ သင်ရိုးစာအုပ်မှာ အသစ်တွေ့ရှိချက်တွေ၊ နောက်ပြီးသူမမျက်လုံးလေးတွေ၊နောက်ဆုံးကိုယ်ကျိုလိုက်တဲ့ ဆေးရည်က ကိုယ့်အတွက် အချစ်ဖြစ်ခဲ့ပြီး၊ သူမအတွက် မသိဆေးဖြစ်ခဲ့တယ်။ “ExpectoPatronum!” ကိုယ်ရင်နဲ့ရင်းပြီး ဆုတောင်းဟစ်အော်လိုက်တော့ ငွေရောင်သမင်မလေး ထွက်ကျလာတယ်။ သူမနဲ့အတူလေ။ကိုယ်ကျင့်သားကျ ကျင့်ယူထားတာ။ သူမမျက်လုံးလေးတွေကို မမြင်ရတော့တဲ့နေ့၊ သူမမျက်လုံးစိမ်းမြမြလေးကပိုပြီး ကိုယ့်အတွက်သာစိမ်းသွားတဲ့နေ့….. မှတ်မိနေသေးတယ်။ လူဆိုတာ သ၀န်တို၊ မနာလိုတော့ရှိတာပဲလေ။ ပေါ့ပျက်ပျက်လို့ ကိုယ်မြင်တဲ့ အဲ့ဒီမျက်မှန်တပ်ထားတဲ့ ရွှတ်နောက်နောက်ကောင်ကိုကိုယ်မုန်းတယ်… လီလီ။ ကိုယ်အနှစ်နှစ်အလလ ပျိုးလာတဲ့ မှော်ပွင့်လေး ငုံစဖူးစမှ သူဆီပါသွားမှာကြောက်တယ်။ အကြောက်ကြောက်အကန်ကန်လုပ်တော့လည်း၊ ကိုပြောထွက်တဲ့စကားက မင်းကိုပါ ဆက်လက်ပက်သက်… ချစ်သူ…. မင်းသွေးဟာ ကိုယ့်ထက်တောင် ပိုပြီး သန့်ရှင်းကြည်လင် မှော်ဓာတ်ပိုဝင်ပါလိမ့်မယ်ကွယ်။အားလုံးနဲ့အတူတူမဟုတ်ပါဘူး။ ကိုယ်အော်လိုက်တဲ့ သွေးညစ်ဆိုး ဆိုတဲ့စကားက နှစ်ကာလတွေကိုပါဖြတ်ပစ်နိုင်သတဲ့လား။ အခေတ်ခေတ်တည်ဆောက်ထားတဲ့ သံယောဇဉ်တရားက ခဏတာဒေါသကို မကျော်လွှားနိုင်ဘူးလား။ကိုယ်တောင်းပန်ပါတယ်။ ရှင်းပြပါရစေဆိုတဲ့ စကားတွေလည်း အရာမထင် လေလျှင်လျှင်ပေါ့လေ။ “I’msorry.” “I’mnot interested.” “I’msorry.” “Saveyour breath.” ကိုယ့်အတွက်သူလာခဲ့ပေမယ့် ကိုယ့်ဝသီစကားကြောင့်……..၊ ဘယ်လိုမှ အစပြန်ရှာမရတဲ့ ညလေးက တစ်ခြမ်းတည်းသေသွားတယ်။အရင်တုန်းက သစ်ပင်ကြီးအောက်မှာ မိုးထက်မျှော်ရင်း အတူယှဉ်ပြီး လှဲနေကျ နေရာလေးက တစ်ခြမ်းမှာမြက်တွေရှင်သန်လို့…..၊ ကောင်းကင်ပေါ်မှာလည်း မိုးက မှောင်မည်းနက်အောင် မှုန်သွားတယ်။ဆရာတစ်ဆူဖြစ်အောင် ကြိုးစားလို့၊ တစ်ချိန်မှာလို့မျှော်လင့်လို့၊ နောက်ဆုံးမှာ မှောင်သွားလိုက်တာ။လမ်းပြကြယ်ပျောက်သူ ကိုယ့်မှာ အလွန်တရာမိုက်မဲလို့၊ အလွန်တရာ မည်းညစ်လို့… ကိုယ့်သွေးကပိုညစ်တယ်.. လီလီ။ မင်းသွေးက ဖြူစင်ခဲ့ပါတယ်။ အပြည့်အ၀လို့ အတ္တဆန်ဆန်ဂုဏ်ယူမှုက မှားခဲ့တယ်။ညစ်ထေးထေးသွေးတွေသာ ဆက်လက်စီးဆင်းနေတဲ့ကိုယ်၊ မင်းအတွက်လို့ကြားတော့ အလင်းဝင်ခဲ့ပါတယ်။အမှားတွေအတွက် အသက်နဲ့ရင်းပြီး ဘ၀ကို ပြန်ဖြန့်ခင်းတယ်။ ဓားသွားနားကပ်ပြီး ဓားကို တော်လှန်ခဲ့တယ်လေ။မင်းမရှိတော့ဘူးဆိုတဲ့ နေ့က ကမ္ဘာတွေလည်း ပြို၊ တောင်တန်းတွေ၊ မျက်ဝန်းလင်းလင်းလေး၊နောက်ဆုံးမှာ ကိုယ်ရွံ့ရွံ့ချွန်ချွန်ငိုပစ်လိုက်မိတယ်…လီလီ။ မင်းချန်ခဲ့တဲ့ ရင်သွေးငယ်ငယ်ကိုအဝေးက ငေးစောင့်ရှောက် သူဘယ်တော့မှ ကိုယ့်ကို မသိတော့ဘူး။ သူဘယ်တော့မှ ကိုယ့်ကို ချစ်ခင်မှာမဟုတ်ဘူး။ မင်းမရှိတော့ချိန်ထိ မင်းအတွက်ပြောင်းလဲရင်း….. နောက်ဆုံးမှာ ကိုယ့်အတိတ်မှားက၀ါးမြိုသွားလိမ့်မယ်လေ…။ ဘယ်သူမှ မချစ်ခင်ခဲ့တဲ့ သူရဲဘောကြောင်သူတစ်ယောက်ဟာ အခုတော့မင်းဆီက မဟုတ်တဲ့ မင်းရဲ့မျက်ဝန်းလေးကို ခဏလေးငေး………….. ။ ကိုယ်တစ်ယောက်တည်း မျက်ရည်ဝဲလို့။ဖျပ်ခနဲ… သေဆုံး၊ မဟုတ်ဘူး… မင်းဆီကို လာတာပါ။ မင်းကို တောင်းပန်ခွင့်အတွက်လေ၊ မင်းရှိမယ့်ဆီကိုကူးလာတာ။ ကိုယ်တစ်ယောက်တည်း မျက်ရည်ဝဲလို့…. စာအုပ်ကုန် ဆုံးမှ ကိုယ်သိပ်မုန်းတဲ့လူကိုအရမ်းလေးစားမိပြန်တယ်။ ဖွဖွလေးထိန်းထားရင်း အိပ်ပျော်နေတဲ့ချစ်သူကိုခိုးငေးနေမိတယ်။ ကိုယ့်ပခုံးကို နဖူးလေးနဲ့ထိ အိပ်ပျော်နေပြီလေ။ ကိုယ်က စာအုပ်ကို ဖတ်ပြနေတာ။အဲ့ဒီကောင်ငယ်မလေးက စိတ်ဝင်တစားအိပ်နေပြီ။ ကိုယ်မလှုပ်ရဲဘူး။ ချစ်သူနိုးသွားမှဖြင့်။ခုံတန်းလေးမှာ ထိုင်ရင်း၊ အသက်လေးကိုတောင် တိုးတိုးလေးပဲ ရှုတယ်။ သူမငြိမ်းငြိမ်းချမ်းချမ်းအိပ်ပါစေကွဲ့။အိပ်နေခိုက်မှာ… လူသားဟာ၊ စိတ်ညစ်ညူးစရာမရှိဘူး။ ငိုစရာတွေ၊ ၀မ်းနည်းစရာတွေ ဘာမှ မသိတော့ဘူး။အဲ့ဒီတော့ အိပ်နေပါကွယ်။ စောစောထပြီး လမ်းလျှောက်ချင်သူလေးက ပင်ပန်းတော့ ပြန်အိပ်နေတယ်။ကြည့်… ဒီကောင်မလေးက အိပ်နေတော့လည်း ချစ်ဖို့ကောင်းတာပဲ။ တကယ်။ သူမကို သတိရရင် ကိုယ်ပခုံးလေးကိုစမ်းမိတယ်။ ဟုတ်တယ်။ သူမ စိတ်ညစ်လာရင်လည်း ဒီပခုံးလေးပဲ မီပြီး ၀မ်းပန်းတနည်းငိုတာပဲ။ကိုယ်က တိတ်ပါကွယ်ကလွဲရင်လည်း မချော့တတ်ဘူး။ အသာလေးဖက်ထားပြီး ကျလာတဲ့မျက်ရည်ကို မနည်းထိန်းရတယ်။ဟုတ်တယ်လေ.. သူမငိုနေရင် ကိုယ်က နှစ်သိမ့်ပေးရမယ်။ လိုက်ငိုလို ဘယ်ဖြစ်မလဲ။ ဒါပေမယ့်လည်းကိုယ်တိတ်အောင် မချော့တတ်ပြန်ဘူး။ မျက်ရည်လေးတွေကို သုတ်ပေးပြီး… ပြန်လည်ကြည်လင်လာတဲ့သူမမျက်ဝန်းလေးကို ပဲ စိုက်ကြည့်ငေးနေမိတယ်။ အတင်းဖိကိုက်လိုက်တော့ … သူမသွားပဲနာသွားတယ်။စိတ်ဆိုးလက်စ မေ့ပြီး သူမမျက်ရည်လေးဝဲလို့။ ဒီလိုပဲလေ… သူမစိတ်ဆိုးရင်လည်း လက်မောင်းကိုကိုက်တာပဲ။ ပျော်ရင်လည်း ကိုက်တာပဲ။ ဘာမှန်းလည်း မသိဘူး။ သိပ်တော့လည်း မနာပါဘူး။ ဒါပေမယ့်လည်းတခါခါတော့ တကယ်နာတာ။ ကိုယ်မအော်ဝံ့ပါဘူး။ သူမက ချစ်လို့ကိုက်တာပဲဟာ။ ဟောကြည့် ပြန်တွေးမိတော့ပျော်လာပြန်ရော။ လွမ်းတယ်ဆိုတာ ပြောင်းကြည့်တတ်ရင် ပိုချစ်ဖို့ချည်းပဲကိုး။ သိပ်ချစ်ပါတယ်…ချစ်သူ။ ရေးတတ်သမျှတွေနဲ့ ပြောတတ်သမျှတွေက ကိုယ့်ရင်ထဲကကို ထုတ်မပြတတ်ကြဘူး။ တကယ်ပါ…ဘာနဲ့မှ နှိုင်းမရအောင်ကိုပါ။ တစ်ယောက်က ကမ္ဘာတစ်ခြမ်းမှာ နေကို ကြည့်ရင်း၊ တစ်ယောက်ကကမ္ဘာတစ်ခြမ်းမှာ လကို ငေးရင်း…. တတိတိဝေးနေတယ် မထင်စမ်းပါနဲ့ကွယ်။ တရိပ်ရိပ်နီးလာတယ်မြင်ကြည့်စမ်းပါ။ ကိုယ်တစ်ယောက်တည်း အခန်းတံခါးပိတ်ပြီးနေတယ်လို့ မသိသူတွေထင်ကြတာ ထင်ပါစေကွယ်။တကယ်က ကိုယ်က မင်းနဲ့ရှိနေတာ။ ဟုတ်တယ် ချစ်သူ… ကိုယ်မင်းနဲ့ စကားတွေပြောနေတာ။ မင်းကိုရင်ထဲမှာ ထားပြီး ပြောနေတာ။ ဒီလိုနေကျင့်များတော့ တကယ်လက်တွေ့နဲ့ဝေးကွာ… မင်းကို ပစ်ထားမိပြီထင်ပါ့ကွာ။ကိုယ်အတွေးထဲက ပြောတဲ့စကားကို အပြင်လက်တွေ့မင်းက ဘယ်သိပါ့မလဲ။ စိတ်ကူးကို အပြင်ထုတ်မင်းသိအောင် ဘယ်လိုလုပ်ရပါ့မလဲကွယ်။ ကိုယ့်အတွက်တော့ ကြာလေ ရင့်လေ… အရူးလေပွေဖြစ်နေပါပေါ့။ဝေးတစ်မြေခြားနေခိုက်မှာ အရာရာကို ကြောက်နေမိတယ်ကွယ်။ ဝေးတစ်မြေခြားသူချင်းမှာမှ ဧရိယာပြင်ပဖြစ်နေတော့ကိုယ်… လွမ်းရတာတောင် အထိတ်ထိတ်လန့်၊ တော်သေးတယ်ကွယ် ကိုယ်ချစ်သူလေး အရာရာအဆင်ပြေလို့။ ချစ်သူ…ရေ………. လွမ်းတယ်လို့ပြောချင်တဲ့အခါ…. ချစ်တယ်လို့ပြောချင်တဲ့အခါ…. ဆက်ရေးမရတော့လည်းစာမျောကြီးဖြစ်လို့ ဒီနေရာမှာရပ်…. ကျွန်တော့်ခေါင်းက ဘာမှမထွက်တာကြာပြီကောလေ…………………… ဘုန်းသန့်ခန့် P095017DEC12+00UMT
0 Comments
Leave a Reply. |
Author
|


RSS Feed