|
မိုးလုံးပြည့် အချစ်ဝါဒတွေပိုက်
ဖြစ်နိုင်မယ်ဆိုရင် အဲ့ဒီကောင်ငယ်မလေးနဲ့ ထိတ်တိုက်ရင်ဆိုင်ချင်သေးရဲ့ မတောက်တခေါက်အပြုံးမှာတင် နှလုံးသားနှင့်အပေါင်းအပါတစ်စုကျရှုံး သူမအတွက်တော့ ကိုယ်ဟာ ယဉ်ကျေးမှုနောက်ကျသူဖြစ်မယ်၊ မျှော်တလင့်လင့် ရင်ကြားစေ့မယ့်ရက်ကို တွက်ရေ…. ၀တ်မှုန်ရေ……….ငါ နင့်ဆီကို သံခင်းတမာန်ခင်းစိတ်ကူးတွေဖွဲ့ ငါ့ကိုယ်ငါ မှတ်ပုံတင်ပါရစေကွယ်……. အချင်းချင်းခွပ်နင်းဖို့ရာ ၀ှက်ရာကွယ်ရာက ဖဲအိုချပ်တွေ ငါ့မှာမရှိပါဘူး၊ မကြာခင် ကမ်းကို မြင်လုမယ်လို့ ခိုင်မာတဲ့ ပျယ်လုလု ယုံကြည်ချက်ကိုဆွဲ ဆက်ခတ်နေဆဲ လှေထိုးသားအိုကြီးလိုပဲ ငါရဲရင့်ပြပါ့မယ်………. နင် ခေါင်းတစ်ချက်ဝေ့ပါ၊ မိန့်ခွန်းတစ်ခုခြွေပါ……. ပင်လယ်ခုနှစ်စင်းကို ငါ ထောင်းထောင်းဖောက်ထွင်းပြီး ခြေတော်စုံဆီ ဦးတိုက်ပါ့မယ် ငါ့ နှလုံးသားအခွင့်အရေးကိုတော့ နင် မျှမျှတတပြန်ပေးရမှာပေါ့…. ငါ တိုက်လည်း မယူချင်ဘူး၊ ငါ တောင်းလည်း မယူချင်ဘူး၊ ငါ နင့်လက်လေးနဲ့ တယုတယပေးတာကိုပဲ…….. ဒူးထောက်ယူချင်သူပါကွယ့်………….. ငါနဲ့နင်ကြားက ကြိုးနီနီကို အချစ်တွေနဲ့ လဲလှယ်........... ချစ်ခင်မြတ်နိုးဖွယ်ပေါ့….ယင်းနောက် ရင်ခွင်တော်ကို ကြည့်ရှု့စစ်ဆေး ချစ်သူဆိုသည်မှာ ရွေးချယ်ခံရသည်ဖြစ်စေ၊ မြင်မြင်ချင်းဖြစ်စေ၊ ………….ဖြစ်စေ…….. ဖြစ်စေ… နှလုံးသားနဲ့ခန့်အပ်…….. ငါ့ ဘ၀အရာရာ၊ အရပ်ရပ်ကို နင် သိမ်းပိုက်ပါကွယ်………..ဆက်လက်၍ သံယောဇဉ်များ ဆထက်ထမ်းပိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း…………. နင့်ချစ်မြတ်နှစ်သက်မှုကိုသုံးပြီး ငါ့ကောင်းကင်ကို မြှင့်တင်ပေးပေါ့……. ဘယ်လိုသမိုင်းတွေပဲရှိခဲ့…..ရှိခဲ့……. အောင်နိုင်သူ မှန်စတမ်းလောကမှာ……. အတိတ်ရိုင်းတွေကို ငါတို့ နယ်မြေသစ်အဖြစ် ပြောင်းလဲပစ်ကြမယ်လေ…….. တတ်နိုင်ရာ မေတ္တာတရားနဲ့ပဲ တို့တွေကြွယ်ဝနိုင်ပါရဲ့………… ချစ်သူရေ………. နီးလာလေ………. ကြားတိုးလေရိပ် ပိုကြမ်းလေကွဲ့ တခါခါမှာ လက်တစ်ကမ်းအလိုမှ ဝေးတတ်ရပြန်မယ်၊ ထောင့်ငါးရာအထက်မှာ ဘယ်သူရှိနေသလဲ…….. ငါးရာနှစ်ဆယ့်ရှစ်အောက်မှာ ဘယ်သူရပ်နေလေသလဲ……….. စစ်စစ်ပေါက်ပေါက်လျှောက်တွေးနေရင်……. လက်တစ်ကမ်းလွန်ခါမှ ဝေးတွေငေးဝေ၊ ၀တ်မှုန်ရေ……….. ငိုင်ငေးတွေဝေမှု ပပျောက်ရေး ငါ နင့်ရှေ့ ဒူးထောက်ပေးပါ့မယ်၊ …….အဲ့ဒီနေ့အမှတ်တရအဖြစ် ပန်းအက္ခရာတွေကို ငါတို့စုပေါင်းစိုက်ပျိုး……….တိတ်တခိုးလေး တခါခါမှာ နင့်ကိုငါ လေးစားမြတ်နိုးပါရဲ့ကွယ်၊ ယုံကြည်မှုလို့ ပြောဖူးတာပဲ၊ မျက်ဝန်းတဝေ့၊ ခေါင်းတလှည့်မှာ ဘယ်လိုအချက်အလက်မျိုးကြောင့်မှ နင် မယိမ်းယိုင်လိုက်နဲ့ အိပ်မက်မဟုတ်တဲ့ မနက်ဖြန်နေ့မှာ ငါ နင့်ကို အလုံးစုံကာကွယ်စောင့်ရှောက်မှာပေါ့….၀တ်မှုန်……. မမီမကမ်းလှမ်းဝံ့သူ့အိပ်မက်ကို မယုံဝိုးဝါး၊ အင်းလေ၊ ခူးပြီးခပ်ပြီးမဟုတ်တော့ အဆိုပါအိပ်မက် ဘယ်သူမှ အလွတ်ကျက်ပြန်ရွတ်ကြမှာမှ မဟုတ်ဘဲလေ…… အစဉ်အလာမကျတဲ့ဖြစ်စဉ်တွေကို အမှောင်ချထားသလိုမျိုး အိပ်မက်က မနက်မှာမေ့သွားကောင်းသွားနိုင်ပါတယ် လက်တစ်ကမ်းအလွန်မှာမှ မြူဝေဖုံးဝါး တတိယစကားသံတွေ ကြားကြမယ်ဆို ငါ့မျက်ဝန်းမှာတော့ နင်က နင်ပါပဲ……. ၀တ်မှုန် ဘယ်သူတွေက ဘယ်လို ဖောက်ဖျက်နေကြစေ… နင်က နင်ပါပဲ…ချစ်သူ……. မပြောကောင်းပြောကောင်း ထောင့်ငါးရာအထက်မှာ တစ်ခုခုရှိခဲ့ရင်တောင် နင်ကနင်ပါပဲ……. တစ်ခြားသူတွေနဲ့မတူတဲ့ နင်ပါပဲ……… ထင်ရာမြင်ရာဝါးလုံးနဲ့သိမ်းရမ်းရင်တော့ ငါ့ကိုပါထည့်သွင်းထိမှာပေါ့လေ…. မပြည့်မ၀နဲ့ရွာချရတဲ့ မိုးတိမ်မို့ ဖွဲဖွဲလေးဖြစ်နေပါဦးမယ်၊ မိုးသည်းတွေမိမှ ဖျားမယ်ဆိုရင်တော့ အမိုးအကာအောက်မှာနေပါ၊ ရေကိုကျိုချက်သောက်ပါ ငါ………… က တစ်ခြားနဲ့မတူတဲ့ကောင် မိုးလုံးပြည့် အချစ်ဝါဒတွေပိုက် အမှားပြင်ဆင်ချက် ဘုန်းသန့်ခန့်ဟုဖတ်ရှူ့ပါရန် A012503JUL12+6:30MMR (သတင်းတစ်ခုကြားတယ်….. သူငယ်ချင်းတစ်ယောက်ရဲ့ ချစ်သူမလေးက လက်တစ်ဖက်ပြည့်လုလုနှစ်တွေထိဖြည့်ခဲ့တဲ့ သံယောဇဉ်ကို လက်တစ်ဝက်လအတွင်းမှာ ငိုပြတဲ့ ရောက်ကြားတရောက် အတွက် မေ့သွားတယ်တဲ့၊ အထူးသတင်းတော့မဟုတ်ဘူး…… စကားလုံးတွေထွက်စေတဲ့ သတင်း၊ လူတော်တော်များများကလည်းမိုးသည်းမှ ထီးဆောင်းချင်ကြတာကိုး၊ မိုးဖွဲတွေကို ဂရုမထားဝံ့ကြဘူးလေ။၁၆၊၇၊၂၀၁၂)
0 Comments
Leave a Reply. |
Author
|


RSS Feed