|
မနက်ခင်း၊ မှာ
မကြားချင်ယောင်ဆောင်ထားတဲ့ နှိုးစက်သီချင်းသံကြား အိပ်မက်မူမူးကြားက ကယောင်ချောက်ခြားထ အိပ်ယာပြင်ကျယ်ထဲမှာသိမ်ငယ်ကျဥ်းကျပ်မွန်းသိပ်လိုအပ်တာ၊ ဘာမှ မသိသလိုမနက်ခင်းများ၊ ကော်ဖီဖျော်ပြီးသား……. အေးစက်စက်ရယ်၊ ကြော်ထားပြီးသား အငွေ့သေ ထမင်း၊ အဖြူရောင်ပေါ်မှာက ပြာဖျော့ဖျော့စာသား ကို သေချာပြန်နွှေးပြီးမှ စားနော် ခပ်သော့သော့လက်ရေးမှာ အချစ်ဆိုတာလေးက တရိပ်ရိပ်ပြေးနေတယ်၊ မနက်ခင်းဆိုပေမယ့် ဘုရားစူးမနက်ခင်းပေါ့.......... ကိုယ့်တစ်ကိုယ်ရည် မနက်ခင်း အရံသင့် အသုံးအဆောင်တွေရဖို့၊ ကြိုတင်ချေးယူနိုင်ဖို့၊ မနက်နိုးစလေးလောက်ပဲ အနားရတာတောင် ကိုက သူ့ကို မတွေ့ဖြစ်ပြန်ဘူး၊ ငယ်ငယ်သင်ပုန်းဖတ်စာလို စောစောထ၊ မျက်နှာသစ်၊ သွားတိုက်ပေါ့……………. ခဏနေရင် ကိုယ် လူသားမဟုတ်တော့သလို တရစပ်ရုန်းကြွပြိုလဲ……. ၀ါးပင်တွေကနေ စက္ကူစတွေ ခပ်ကျဲကျဲဖျော်ထွက်လာသလို ကိုယ့်စည်းကို တားလိုက်၊ ကိုယ့်ကျောကို ကာလိုက်နဲ့………… အပြုံးတွေရော ကြိုတင်ပေးထားခွင့်၊ ဓာတ်သင်ပုန်းက တစ်ချက်အသံထွက်ရင်း ချစ်သူကပြောတယ် i love u, :-* အသင့်ပြင်ထားပြီးသား ပေမယ့် အခါခါဖတ်ရင်း အားတွေပိုလာပြန်ရော… i also love you :-* သူ့အတွက်အားပေါ့…… လုပ်နေကိုင်နေကျပေမယ့် တစ်စီးနဲ့တစ်စီးမတူတော့ သေချာဂရုစိုက်ရတယ်၊ ရှဥ့်လည်း လျှောက်သာ၊ ပျားလည်းစွဲသာ၊ ကွန်ပျူတာစာလုံးတွေကို ကြည့်ရင်း၊ အချိန်းအချက်တွေကို သွားရင်း၊ လိုအပ်သည်များကို မှာကြားပြီး ပင်ပန်းမှုတွေကို အိမ်ပြန်မသယ်ဘဲ ထားခဲ့ချင်တယ်၊ အချိန်ရတော့ သူအားတန်ကောင်းရဲ့လို့ ဖုန်းဆက်ကြည့်တယ်…. သူပျော်သွားပုံပဲ……. ကို… သဲ.. ဒီနေ့စောစောပြန်ရောက်မယ်တဲ့… ကိုယ်လည်းပျော်တာပေါ့…. တစ်အိမ်တည်းနေရင်း… တစ်အိပ်ယာတည်းအိပ်ရင်း… တစ်ကမ္ဘာစီချစ်လွန်းလို့ ဝေးနေရတဲ့အခါ………. Sir, one of our fleet detained at ……….port, coz of………….. ကိုယ်စိတ်ကူးလေး… မီးပျက်အမှောင်ကျ…… သဲ… ကို နောက်ကျတော့မယ်၊ အလိုမကျပေမယ့် အသားကျနားလည်မှုနဲ့… ကို.. ချစ်တယ်… တဲ့ ဒီလိုနဲ့……………… ……………………….. တိတ်တဆိတ်နဲ့ ညအိပ်မီးရောင်လေးကို ဖွင့်ဖို့ပဲ…. သူမအိပ်မောကျနေပေါ့… တစ်နေ့တာ ပင်ပန်းထားသမျှမေ့ပြီး၊ ရောက်လုလု အားလပ်ရက်ကို မျှော်ပြီး၊ ကျွန်တော်… သူမကို နှိုးပြီး ကိုယ်ပြန်ရောက်ပြီလို့ ပြောမလို့ပါဘဲ… ဒါပေမယ့်……….. နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေသူလေးကို ဖွဖွညင်ညင်ငေးပြီး တိတ်တိတ်လေး လေ့ကျင်ထားသလို ခေါင်းအုံးအထိမသိလိုက်အောင် အိပ်ပျော်ကျ…. အိပ်မက်မမက်…. မကြာမီရက်မှာ အားလပ်လိမ့်မယ်တဲ့….. မိုးလေ၀သသတင်းလိုပဲ၊ ချစ်သူ့နဲ့ မျက်နှာစုံညီ စကားပြောခွင့်အတွက် ကြိုတင်ရင်ခုန်… မ၊ နက်၊ ခင်း၊ မှာ၊ ဘုန်း၊ သန့်၊ ခန့်
0 Comments
Leave a Reply. |
Author
|


RSS Feed