|
“နင်က ရိုမီယိုမဟုတ် ငါကလည်း ဂျူးလိယက်မဟုတ်၊
နင်က အာဒံ မဟုတ်သလို ငါကလည်း ဧ၀မဖြစ်ခဲ့ဘူး။ ဧဒင်မဟုတ်တဲ့ ဥယျာဉ်ထဲမှာ ပန်းသီးမဟုတ်တဲ့ အသီးကို စားရင်း……..” ၁ မောင့်ကို ကျွန်မသိပ်ချစ်တယ်။ ဘာဖြစ်လို့ ချစ်တာလဲလို့တော့ မမေးပါနဲ့……….မောင်။ အချစ်ဆိုတာ ဂဃနဏရှင်းပြလို့ မရဘူးလေ။ ပန်းပွင့်လေးရဲ့ ရနံ့ကို လိပ်ပြာလေး ချစ်သလို၊ လိပ်ပြာလေးရဲ့ နမ်းရှိုက်ခိုနားမှုကိုလည်း ပန်းပွင့်လေးက တမ်းတသလို နေမှာပေါ့…..မောင်ရယ်။ ကျွန်မရှင်းမပြတတ်ဘူး။ ကျွန်မ ပြောတတ်တာက ………………“မောင့်ကို အရမ်းချစ်တယ်… မောင်”။ ချစ်ခြင်းဆိုတာ သိပ်ကို ထူးဆန်းတယ်နော်။ ရနံ့ရှိုက်ဖို့ ပျံဝဲလာသမျှ လိပ်ပြာအကောင်ကောင်ကို လျှပ်ကနဲ၊ လျှပ်ကနဲ ခေါင်းခါငြင်းနိုင်ခဲ့သူ ကောင်မလေး၊ မောင်နဲ့မှ ခေါင်းခါဖို့ ဆွံ့အနေခဲ့သလားပဲ။ နှုတ်ဖျားက ထွက်ကျမလာတဲ့ စကားလုံးတွဲလေးတစ်စုံကို ကျွန်မ တအံတသြနဲ့တောင် ထုတ်ကြည့်နေမိရဲ့။ ကျွန်မ………..ထင်ပါတယ်။ တကယ်လို့ မောင့်နေရာမှာ တစ်ခြားသူတစ်ယောက်သာဆို လက်ငင်းရှင်းပေးလိုက်မှာ။ ခုတော့…….ဟီး…….. ဘ၀ပြန်တိုးနဲ့ ထာဝရလုံး မောင့်ကို ယူထားပါရစေနော်။ မောင်က “အကြွေးသီးခံပါ” လို့မှ ရေးမထားဘဲ။ မိန်းကလေးမို့ ကျွန်မချစ်တာ မခို့တရို့လေးများ ဖြစ်နေမလားဟင်။ မောင့်ကို ချစ်တယ်ဆိုတာ “အိပ်မက်ထဲက လမ်းလျှောက်ထွက်သလို ယောင်ရမ်း စိတ်ကူးယဉ်ပြီး ချစ်ခဲ့တာမှ မဟုတ်တာဘဲ”၂ ……..မောင်ရယ်။ “ပထမဆုံးဆိုပြီး တံဆိပ်တပ်မထားပေမဲ့ ဖျပ်ကနဲ ပွင့်ပေးလိုက်တာပါ။ အမွှေးမြဆုံး ပန်းပါကွာ… ပန်းလေးတစ်ရုံလုံး တုန်ခါပြီးမှ ဖူးပေးလိုက်မှာပါ။” ၃ မောင့်ကဗျာတစ်ပုဒ်ထဲကလိုပဲ ယုံကြည်မှုနဲ့ တည်ဆောက်ရင်း မောင့်ထီးရိပ်အလာကို နေပူပူမှာ ရပ်စောင့်နေ၀ံ့ပါပြီ….မောင်။ မောင်ရေ…….မောင်သင်ပေးလို့ တတ်ကျွမ်းလာတဲ့ ပန်းအက္ခရာတွေကို အနုလုံပဋိလုံ စဉ်းစားရင်း လှိုက်ဖို၊ ညလေးတွေမှာ ရောင်စဉ်ဝင်းတတ်နေပြီ။ လမင်းကြီးကိုငေးပြီး……. မောင့်မျက်ဝန်းတွေကိုသာ မြင်မြင်နေမိလို့……… သောကြာနေ့က ဆေးခန်းသွားပြတယ်။ ဗီးနပ်စ်ကပြောရဲ့ မောင့်မျက်ဝန်းတွေကို ခဏ ကြည့်ပါရစေတဲ့။ အို…………. ယူမပြ၀ံ့ပါဘူးကွယ်။ ဖြစ်နိုင်ရင် မောင့်ကိုတောင် မှန်မကြည့်စေချင်ဘူး…မောင့်မျက်ဝန်းအစုံကို ကျွန်မတစ်ယောက်တည်းပဲ ပိုင်ချင်ပါတယ်… မောင်ရယ်။ ၀မ်းနည်းအားငယ်တတ်တဲ့ ကျွန်မကို မောင်က ဖေးမတွဲခေါ်ခဲ့တယ်။ မျက်ရည်စို့စို့နဲ့ ပြိုတတ်တဲ့ကောင်ငယ်မလေးကို မောင်က မငိုဖို့ ဆုံးမခဲ့တယ်။ ကျေးဇူးပါ မောင်ရယ်။ကျွန်မက နွယ်ဆိုရင် မောင်က မီတွယ်ဖို့ သစ်ကောင်းပင်ကြီးပါပဲကွယ်။ မောင့်လက်ကိုသာ တွဲထားရရင် ကျွန်မ၀န်ရိုးစွန်းထိတောင် လျှောက်မိမလားဘဲ။ အယ်…….. ညောင်းလျပင်ပန်းရင်တော့ …….အဟီး……… မောင် ပွေ့ခေါ်သွားပေါ့ကွာ…. နော်။ တကယ်ပါ….. မောင်ရယ်…… တကယ်ပါ။ အရာရာဟာ မောင့်ကြောင့် လှပခဲ့တယ်။ ပန်းရုံမှာလည်း ပန်းတွေပိုဝေခဲ့သလိုပါပဲ။ ရဲရင့်ဝံ့စားတဲ့ နတ်သမီးတစ်ပါးလို့တောင် ကျွန်မကိုယ်ကျွန်မထင်လာသည်အထိ မောင်က မြင့်တက်စေခဲ့တယ်။ စိတ်ဓာတ်တွေ ခိုင်မာမြဲမြံပြီး၊ လမ်းကိုလည်း မကြောက်ဘူး။ ကမ်းကိုလည်း မကြောက်ဘူး။ အို……. ရှစ်ပါးတည်းရှိရုံနဲ့ ထောင်လွှားနေချင်တဲ့ လောကဓံကိုတောင် မောင်ရှိရင် မကြောက်ပါဘူးကွယ်။ ဟင်………. မောင်………….ဘာဖြစ်သွားတာလဲ။ ဘာများဖြစ်သွားလဲ။ ဘာဖြစ်နေတာလဲ။ လောကဓံလေညင်း၊ အိပ်မက်သက်ပြင်းခိုး၊ ခရမ်းရင့်စာချွန်၊ ခြေချော်ခရီးသွား၊ နွမ်းရိအတိတ်အို၊ ပျော့တွဲပြိုအန္ဓ၊ လူမိုက်လဲကျ၊ လူမိုက်လဲကျ…. ကိုယ့်ထူးကိုယ်ချွန် ပြန်မထ။ အလို… ကျွန်မမျက်လုံးတောင် ကျွန်မ မယုံချင်ဘူး။ ရှင်မောင်မှ ဟုတ်ရဲ့လား။ မောင်… အစစ်မှ ဟုတ်ရဲ့လား……….. မောင်ရယ်။ လမ်းပေါ်ပြေး ၀ဲထိခွေးပေါက်လေးလို အရာရာကို ရွှံကြောက်တွန့်မုန်းတီးတဲ့ မျက်ဝန်းနံ့တွေ မွှန်းထလို့။ ခါးကျိုးကျနေဆဲ အလံရွက်ဆွဲ စစ်မြေပြင်ဟောင်းလို ဖရိုဖရဲလွင့်ကြေလို့။ ရှင်…. ကျွန်မရဲ့ မောင် မဟုတ်ဘူး။ ကျွန်မချစ်သူ မောင် မဟုတ်ဘူး။ မောင်ရယ်………… ကျွန်မ အသားတွေ တဆတ်ဆတ်တုန်လို့။ မျက်ဝန်းတွေလည်း စိုလာရဲ့။ ကျွန်မ… ကျွန်မ… ငိုမိတော့မယ်ထင်ပါ့။ ငိုမိတော့… အာ… ဘာလို့… ငို…. မျက်ဝန်း .. ခတ်…. သိမ်း….။ “မာန်ကို မတင်းနဲ့ စိတ်ကိုတင်းပါ…”၄ မောင့်ကဗျာရွတ်သံ ပြန်ကြား။ “မျက်ရည်ဟာ အကောင်းဆုံးဖြေဆေးမဟုတ်ဘူး။” မောင့်စကားသံပြန်ကြား ။ “ကို.. ခလုတ်ထိခဲ့ရင်၊ လဲကျခိုက်မှ ထူမတ်ပေးပါ…ချစ်သူ”၅ မောင့်တောင်းဆိုသံ ပြန်ကြား။ အို…ဟုတ်ပါရဲ့။ မောင်လဲကျနေခိုက်မှာ ကျွန်မပါ လိုက်ပါလှဲကျမိရင်…….. ဘယ်တော့မှ ပြန်ထနိုင်ဖို့ သေချာမှာ မဟုတ်ဘူးဘဲ။ ကျွန်မကိုယ်ကျွန်မ တည်ငြိမ်အောင် ထိန်းတယ်။ ကျွန်မစိတ်ကို သန့်စင်တယ်။ ပြီး… မောင့်မျက်ဝန်းတွေကို စိုက်ကြည့်လိုက်ရင်း…….. မောင်…….. မောင့်ရဲ့ လက်ဆွဲဆောင်ပုဒ်က “Only one but maned lion.” ဆို။ အခုတော့ ဘယ်လိုဖြစ်တာလဲ။ လောကဓမ္မတာကို တစ်စင်းတည်း ရင်မဆိုင်ဝံ့တော့ဘူးလား။ တစ်ယောက်တည်း သိမ်လျနေပြီလားကွာ။ မောင့်ရင် နှလုံးထဲက လှည့်ပတ်နေတဲ့သွေးဟာ ဘာသွေးလဲ မောင်မေ့နေရော့သလား။ မောင့်သွေးတွေ ကျဲတောက်ကုန်ပြီလား။ ပြောပါဦးမောင်။ စစ်မ၀င်ခင်က ကုန်နေတဲ့ မြှားကျိုးတစ်စင်းလို ရှင်သန်သွားချင်လို့လား။ ဘ၀ဆိုတဲ့ စာလေးနှစ်လုံးလောက်ကို ကြားရုံနဲ့ကြောက်ပြီးနေတာလား။ အဲလိုဆိုရင်တော့ မောင်သိပ်မှားနေပြီနော်။ လမ်းတွေေ၀၀ါးကုန်မယ်။ သတိလေးဝင်၊ အသိလေးယှဉ်ပါဦး…. မောင်ရယ်။ မောင်.. သုံးလိုက်တဲ့ လောကတရားကို ရင်ဆိုင်နည်းများ နည်းနည်းယွင်းပါးနေလို့လားကွာ။ ကျောက်ဆောင်တွေ ဟောတဲ့တရားထက်၊ ဗေဒါလေး ပြောတဲ့ စကားကို ကျင့်သုံးပေါ့။ ကြံကြံခံနိုင်ခြင်းထက်၊ ကြာကြာတည်မြဲခြင်းက ပိုမိုမွန်မြတ်ရဲဝံတယ်လို့ ကျွန်မထင်တယ်… မောင်။ “ ငါသည် စုန်သောရေ၌ မျှောစီးသော လှေမဟုတ်။ ဆန်တက်သောရေကို ခွင်းထွင်းနှင်သော အရိပ်မဲ့ လူတည်း။ သို့ကြောင့်…. ငါ့လမ်းမသည် ဖွင့်လင်းပွင့်ရှင်းစေသား။”*** အဲဒီစကားသစ္စာကို မောင်မေ့များနေသလားလို့ပါ။ ကဲပါ မောင်…. အခု အိပ်မောလွန် မှိုင်းလျနေရာက ဖျပ်ကနဲရုန်းထပြီး ခရီးလမ်းကို ဆက်လိုက်တော့။ ကြုံလာသမျှ မုန်တိုင်းထန်ထန်ကို ရဲရင့်တည်ကြည်စွာနဲ့ ကျွန်မတို့ အတူရင်ဆိုင်ကြမယ်လေ…. နော်… မောင်။ မောင်….အားတင်းထားပါ။ လောကဓံမှာ လက်နှစ်ဖက်မှ မပါတာဘဲ။ တင်းနစ်ဘောလုံးတွေလိုပေါ့… မောင်ရယ်… ရိုက်ချက်ပြင်းရင် ဝေးဝေးကြီးတောင် ရောက်နိုင်တယ်။ မောင်သိမှာပေါ့… “လက်ဖက်ခြောက်လိုလူ၊ ကြက်ဥလိုလူ၊ မုန်လာဥလိုလူ။ ရေနွေးပူပူနဲ့တွေ့တဲ့အခါ ပုံစံပြောင်းလဲသွားကြပုံ”ကိုလေ။ မောင်ပဲ… ကြက်ဥလက်ဖက်ခြောက်လုပ်မယ်ဆို။ ဒါနဲ့များ မောင်ရယ်… ဘာလို့ လောကရေဆူဆူမှာ မခိုင်ပျော့တွဲချင်ရတာလဲ။ “ငါ့ လက်တို့ ဆန့်တန်းကာ ကောင်ကင်းလမ်းထက်မှ ပျံမည့်သူတို့ကို ကောင်းချီးပေး၏။ အချည်းနှီးသော စကားဖြင့် လှမ်းပေါက်လိုသူတို့ကိုကား… ကျောကို ပုတ်ကာ သတိပေးအံ့”*** တဲ့။ မှတ်မိသေးရဲ့လား… ကိုယ်ရေးထားတဲ့ နီတိစကားတွေကို။။ ဒီလိုသာ ကွဲကျေနွမ်းလျနေမယ်ဆို … မောင် သူတို့ရဲ့ ကျောကို ဘယ်လိုမှ မီမှာမဟုတ်ဘူး။ ခြေဖျားကို ခတ်လှုပ်သတိပေးမယ့်လူကို ဘယ်သူက ကြည်ညိုနာခံပါ့မလဲ။ ထစမ်းပါ…မောင်။ ကျွန်မရဲ့ လက်မှာ မောင့်ရဲ့ “အညတြလက္ခဏာတော်”ကို ထင်းနေအောင် တံဆိပ်တော်ခပ်နှိပ်စမ်းပါကွာ။ ထင်းထင်းထင်နေလေ… ကျွန်မဂုဏ်ယူလေပါပဲ.. မောင်ရယ်။ မီးတွေ၊ လေတွေ တ၀ုန်းရဲရဲထနေတဲ့လမ်းကို ရဲရဲလျှောက်မယ့် မောင်လိုလူအတွက် ဘေးရံအပါးကနေ လက်ကိုဆွဲ လိုက်ပါခွင့်ရတာ…။ “ကိုယ့် အောင်လံတံခွန်ဟာ လေမှာ လွင့်ဆဲ မင်းဆံနွယ်ညိုလေးတွေပေါ့။ ဘယ်နက္ခတ်စီးချိန်မှာပဲ မြင်ရမြင်ရ ငုံထားတဲ့ ဦးခေါင်းဖြုန်းကနဲမော့၊ လျှမ်းကနဲ ရဲရင့်၊ ဖျပ်ကနဲထွန်းတောက်ပစ်နိုင်တယ်။” ၆ လို့ မောင်ပြောတဲ့ ဆံညိုနွယ်တွေ ပိုင်ဆိုင်ခွင့်ရတာ…။ အို….ဂုဏ်ယူလို့ မဆုံးပါဘူး… မောင်။ မောင်က အနုပညာကို ဖက်တွယ်ကိုးကွယ်ထားသူမို့ ခံစားချက်ပါးလျှပြင်းထန်တယ်ဆိုတာ ကျွန်မသိပါတယ်။ ကောကင်ရှု ကဗျာပေါင်းချုပ်ကျမ်းကို ပြုစုခဲ့တဲ့ စုယယုကိဆိုတဲ့ ကဗျာက၀ိ ဂျပန်ကြီးက … “နွေဦးနံနက် ပန်းပွင့်သည်ကို မြင်ရသော အခါ၌လည်းကောင်း၊ ဆောင်းဦးညနေ ပန်းကြွေသည်ကို မြင်ရသော အခါ၌လည်းကောင်း၊ ဆီးနှင်းပြိုက်ကျ လှိုင်းများထသည်ကို ကြေးမုံပြင်၌ တစ်နှစ်ပြီးတစ်နှစ် စောင့်ကြည့်ရင်း သက်ပြင်းကြီး ချမိသောအခါ၌လည်းကောင်း၊ မြက်ပင်ပေါ်မှ ကျသော နှင်းပေါက်သည် ယခုမြင်၊ ယခုပျောက်သည်ကို ရှု့ရင်း၊ လူ့ဘ၀သက်တာ တိုတောင်းသည်ကို ဆင်ခြင်မိသော အခါ၌လည်းကောင်း၊ မနေ့က စည်းစိမ်ကျက်သရေတိုး၍ ယနေ့ ဓနဥစ္စာ ပျက်စီးလျှောကျခြင်းကို တွေ့ရသော အခါ၌လည်းကောင်း၊ မနေ့က ချစ်၍ ယနေ့မုန်းကြသော ဘ၀ကို တွေ့ရသော အခါ၌လည်ကောင်း၊ ကဗျာက၀ိ ပညာရှိတို့သည် လင်္ကာဖွဲ့၍ စပ်ဆိုကြကုန်၏”၇ လို့ စာရေးသားဖြစ်ရခြင်းတွေကို ပြဆိုထားတယ်။ လွတ်လပ်လွတ်ကင်းတဲ့ အနုပညာနယ်ပယ်မှာ မောင်စိတ်ကြိုက် ကူးခပ်ခွင့်ရှိပါတယ်မောင်။ လောက အပူငွေ့တွေကို ထိတွေ့ရင်း ကဗျာလေးတွေ၊ စာလေးတွေကို အသက်သွင်းပေါ့မောင်။ ဒါပေမဲ့… မောင်ရယ် …….. အနုပညာကို အမိုးအကာလုပ်ပြီး ဝေလေလေလဲကျမပစ်ပါနဲ့။ ဖြူစင်မြင့်မြတ်တဲ့ အနုပညာနဲ့ မောင့်ဒဏ်ချက်တွေကို ကုစားပါ..မောင်။ မောင့်… အနုပညာကြိုးပန်းချက်တွေကို ဘယ်သူတွေကမှ မတားပါဘူးမောင်။ မောင့် ဖေဖေ၊ မေမေလည်း မတားခဲ့ဘူး။ ကျွန်မကလည်း တားမြစ်ဖို့မပြောနဲ့ မောင့်စကားလုံးတွေ သေဆုံးသွားမှာကိုတောင် စိုးရွံ့နေသူပါ… မောင်ရယ်။ ဘယ်သူကများ တားမြစ်ပိတ်ပင်နေလို့လဲ။ ပြောပါမောင်…။ မောင်ရေးထားတဲ့ အနုပညာ အသီးအပွင့်တွေကို ဘယ်သူတွေချွေပစ်နေလို့လဲ။ မောင်ရေးထားတဲ့ အက်ဆေးတစ်ပုဒ်ကို ဖတ်ပြီး အားမလိုအားမရဖြစ်သွားတဲ့ မောင့်.. ဖေဖေ၊ မောင်ရေးပေးတဲ့ နွေနဒီစာချစ်ဝိုင်း(မြစ်ငယ်)က ထုတ်တဲ့ အမေနေ့အမှတ်တရ စာအုပ်လေးထဲက “ခြင်းကြား” ကဗျာကို အလွတ်ကျက်ပြီး တဖွဖွ ပြန်ရွတ်နေတဲ့ မောင့်မေမေ။ သူတို့ကများ “သား… မလုပ်နဲ့”လို့ တားကာပိတ်ဆီးနေလို့လား။ ဒါမှမဟုတ်… ကျွန်မကများ တားဆီးနေလို့လား။ မောင်.. က အနုပညာကို ပုန်းခိုဖို့အတွက် ရွေးချယ်ခဲ့တာ မဟုတ်မှန်း သိပါတယ်.. မောင်ရယ်။ မောင်..သိမှာပါ။ အနုပညာအတွက် အသက်စွန့်သွားတဲ့ အနုပညာရှင်တွေ အကြောင်းကို။ မြန်မာမှာရော ကမ္ဘာမှာပါ အများကြီးပါ။ ဒါပေမဲ့… မောင်၊ သူတို့က ရှင်သန်ချိန်မှာ အနုပညာကို နက်နှစ်လှိုက်ရှိုင်းဖက်တွယ်ရင်း ဘ၀မုန်တိုင်းထန်ထန်ကို ပန်းရနံ့လို အလွယ်တကူ လက်ခံရဲကြတယ်လေ။ အလွယ်တကူ ဖြေဖျောက်ပစ်ကြပြီး… အံ့ချီးဖွယ် အနုရသကို ညှစ်ထုတ်ချယ်မှုန်းပြတတ်ကြတယ်။ ဘယ်သူတစ်ယောက်ကမှ လောကဓံကြမ်းလှချည်ရဲ့ဆိုပြီး မောင့်လို ပျော့တွဲချော်လဲမနေကြဘူး။ “အနုပညာ၊ အနုပညာ”.. လို့ နှုတ်က မဟစ်၊ ရင်က ဟစ်ကြွေးပြီး နောက်ဆုံးသွေးတစ်စက်ထိ လောကမုန်တိုင်းဘီးလူးကို သားစားမကြူးရဲအောင် ဆုံးမပြခဲ့ကြတယ်လေ။ “ဘ၀နာလေ အနုပညာသာလေ”ဆိုတာကို သက်သေပြခဲ့ကြတယ်လေ။ ကဲမောင်…. ဘယ်လိုလဲ။ အနုပညာကို ဒိုင်းလုပ်ပြီး ကြောက်စိတ်ကို မကွယ်ဝှက်စမ်းနဲ့။ အနုပညာဓားနဲ့ လောကဓံကို ဦးနှိမ်ကြမယ်လေ… နော်။ မောင်….ပြီးခဲ့တာတွေကို ကြည့်ပြီး နွမ်းလျမနေနဲ့။ အခုလက်ရှိ ခဏလေးမှာ လက်တွေ့ကျကျ ပိုင်းခြားရင်ဆိုင်ပစ်စမ်းပါကွာ။ “ငါသည် အိပ်သော အချိန်တွင် မီးမှိတ် ထားတတ်သော်လည်း ရွန်းလဲ့ထွန်းလိုခိုက် စက္ကန့်တွင်းတွင် ၀င်းကနဲ တောက်ထနိုင်သည့် ကိုယ်ပိုင်မီးအိမ်နှင့် လူတည်း။ ထို့ကြောင့် ငါ့လမ်းမသည် ဖွင့်လင်းပွင့်ရှင်းစေသား။”*** အဲဒီ သစ္စာစကားကို ပြန်ကြားပါမောင်။ ပြီးတာတွေ ပြီးသွားပြီ။ လွှတ်ချပစ်လိုက်တော့။ မနက်ဖြန်မှာ အရာရာလှပမယ်ဆိုတဲ့ ယုံကြည်ချက်ပြင်းပြင်းနဲ့ ကြိုးစားစမ်းပါကွာ။ မနက်ဖြန်မှာ ပန်းတွေပိုလှမယ်။ ကဗျာတွေ ပိုလှမယ်။ လိပ်ပြာလေးတွေ အရောင်ပိုစုံမယ်။ ကမ္ဘာကြီး အေးမြမယ်။ အို… အထွေထွေ အထူးထူးပါပဲ.. မောင်ရယ်။ အသံနဲ့ အခါခါသေနေမယ့်.. အစား တိုးတိုးလေးနဲ့ ထာဝရ ရှင်သန်နေကြမယ်လေ။ မောင်ကဗျာလေးတွေကို လက်တန်းရွတ်ရင် ကျွန်မက လိုက်မှတ်ထားပေးမယ်။ မောင်လမင်းကြီးကို ငေးပြီး တေးတွေဆိုရင် ကျွန်မက ကော်ဖီကြမ်းတစ်အိုးတည်းပေးပြီး ဘေးက နားဆင်မယ်။ မောင် အဝေးရပ်တွေဆီ စွန့်စားလှည့်လည်ခိုက်မှာ မောင့်ရနံ့ကို ပြန်မြင်ရင်း… မြဲမတ်မှန်ကန်သော သစ္စာအိနြေ္ဒနဲ့ စောင့်စည်းသစ္စာတည်မယ်။ ကျွန်မကိုယ်ပေါ်မှာ “ပန်းငုံခေတ် ၀တ်ရုံ” ကလွဲရင် ဘယ်ဝတ်ရုံကိုမှ လေတောင်အလွှမ်းမခံပါဘူး… မောင်။ ကဲ… မောင် သုန်မှုန်နေတဲ့ မျက်နှာ၊ လျှော့ကျနေတဲ့ ခံနိုင်ရည်၊ ပေါက်ပြဲလုနီး စိတ်ကို အသစ်လဲလိုက်တော့.. နော်။ “ဘယ်လိုပဲ မြင့်မြင့် ရောက်အောင် လှမ်းတက်ပစ်မယ်။ မိုးစက်တွေက တပေါက်ပေါက် ခုန်ဆင်းတားရင်တောင် ဂရုမစိုက်ချင်ဘူး။ လက်ခုပ်နဲ့ ခံသောက်ပစ်ပြီး ဆက်သွားမယ်။ ဟော… ကြည့်စမ်း။ ကောင်းကင် နတ်ဘုရားတောင်မှ သူ့လက်တွေ မြေထိဝပ်တွားလို့ ငါ့ကို ရို့ကျိုးနေပါပေါ့…..။” ၈ အို….. ကျွန်မ၀မ်းသာလိုက်တာ။ မောင်…၊ ကျွန်မရဲ့ သူရဲကောင်း။ လောကတစ်ထောင်ကို ဗိုလ်ဝင်ခံလုပြီ။ နေမင်းတောင် ဦးခိုက်လို့နေပေါ့။ ကျွန်မ၀မ်းသာလိုက်တာရှင်။ အယ်… အခုမှ သတိရတယ်။ ကျွန်မက သိပ်မေ့တတ်တဲ့သူကိုးရှင့်။ မောင်တယုတယ ပေးဆပ်သမျှတွေ၊ နေပူကျဲလဲ စောင့်ဆိုင်းရခြင်းတွေ၊ အဲဒါတွေအတွက် ကျေးဇူးတင်ဖို့မေ့ခဲ့ရဲ့။ ချစ်သူနှစ်ဦးကြားမှာ ဘာမှမဟုတ်တဲ့… “ကျေးဇူး…ချစ်သူရယ်” ဆိုတဲ့ စကားလေးက သိပ်အရေးပါတယ်ဆိုတာ “ကျေးဇူးတင်ပါတယ်.. မောင်ရယ်… တကယ်ပါ” လို့ ကျွန်မ ရည်မှတ်လေးနက်ပြောလိုက်ခိုက်မှာ ပြန်လည်ကြည်လင်စ မျက်ဝန်းတွေ ပိုမိုလင်းလဲ့သွားတဲ့ မောင့်မျက်နှာက သက်သေပြနေရဲ့။ “အားမငယ်ပါနဲ့… မောင်ရယ်။ နေတွေလတွေ ဘယ်လိုပဲ ထန်ထန် ကျွန်မမောင့်ဘေးမှာ ထာဝရ ရှိနေမှာပါ”လို့ ပြောရင်း မောင့်လက်လေးကို တင်းတင်းဆုပ်ထားလိုက်တယ်။ “အားပေးစကား တစ်ခွန်းဟာ… ရွှေနဲ့ငွေနဲ့ချိန်စက်ဝယ်ပေးထားခြင်းတွေထက် ဆောင်းဥတုတစ်ခုလုံးနွေးထွေး နေစေတယ်”တဲ့။ ကျွန်မယုံကြည်ပါတယ်။ ကျွန်မစကားတစ်ခွန်းဟာ မောင့်အတွက် မဟာအင်အား မဖြစ်ရင်တောင် တစ်သောအတိုင်းအတာအထိ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ စိတ်ချပါမောင်ရယ်… မောင့်စိတ်ကို ရအောင်ဖတ်ပြီး နောက်ဆို.. ကျွန်မ အမြဲအားပေးပါ့မယ်။ မောင့်ကို ကျွန်မမြင်အောင် မကြည့်မိတာတွေ အတွက် ခွင့်လွှတ်ပါမောင်။ ချစ်လွန်းတော့ လစ်ဟင်းမိတာပါ။ အခု… ချစ်လွန်းလို့ ပြင်ဆင်လိုက်ပါပြီ… မောင်။ ကဗျာလေးတွေ ရေးရင်း၊ တေးရောင်စုံတွေ ချယ်ရင်း၊ မောင့်ပခုံးလေးကို မီရင်း၊ တစ်ခါတစ်ခါ မောင့်လက်မောင်းလေးကို ဖွဖွဖိကိုက်ရင်း၊ ကျွန်မလေ… လောကဓံကို ပျက်ရယ်ပြုကာ မိုးထားပေးတဲ့… မောင့်ထီးရိပ်လေးမှာ ထာဝရ လုံခြုံချင်ပါရဲ့မောင်။ ခိုမှာပါ………. မောင်ရယ်။ မိုးပေးလှဲ့ပါ။ ထာဝရ ခိုချင်သူမို့ မိုးပေးလှဲ့ပါ.. မောင်။ ဘုန်းသန့်ခန့် P120316MAY09 *** ဒိုင်ယာရီမှ ၁။ iceage ၂။ iceage ၃။ “ပိုးမျှင်အိမ်ထဲက ခြေသံဖွဖွ” မှ ။ဘုန်းသန့်ခန့် ၄။ ဒိုင်ယာရီမှ ၅။ “သစ္စာလမ်း”မှ ။ဘုန်းသန့်ခန့် ၆။ “တေလေစင်္ကြံ”မှ ။ ဘုန်းသန့်ခန့် ၇။“ကမာ့စာပေအညွှန်း”မှ။ ရေးသူ မမှတ်မိ ၈။“တေလေအားမာန်” ကဗျာ။ ဘုန်းသန့်ခန့်
0 Comments
Leave a Reply. |
Author
|


RSS Feed