|
ပြောမယ့်သာပြောရတာ
ငါ့စကားလုံးတွေ အခြေချနေထိုင်ခွင့်ရမှာမဟုတ်ပါဘူး။ မိုးဘုံထက်က ငါမှ မဟုတ်တာ။ ငါက ဘာလဲ။ သူက ဘာလဲ။ မင်းဝေခွဲမရဖြစ်မနေပါနဲ့ ။ လူတွေပါပဲလေ။ ငါ့ကို မင်းက ရင်အက်တမ်တစ်ခုနဲ့ ချစ်တယ်။ ပြီးတော့..... သူ့ကို ရင်ခွင်တစ်ဝန်းလုံးသုံးပြီး မုန်းပစ်လိုက်တယ်။ သိပ်ကို ဂုဏ်ယူဖို့ ကောင်းရဲ့... ငါ့ဘေးမှာထိုင်ရင်း သူ့ကို မုန်းတဲ့အကြောင်းပြောတယ်။ ထမင်းစားတဲ့အခါ...၊ ရေသောက်တဲ့အခါ... သူ့ကို မုန်းတဲ့အကြောင်းပြောတယ်။ မင်းအိပ်မက်ထဲထိတောင် သူ့ကို မုန်းကြောင်းမက်သေးတယ်တဲ့...။ သိပ်ကို ဂုဏ်ယူဖို့ ကောင်းရဲ့... ငါ့ အသိဥာဏ်တွေ ဂငယ်မကွေ့ဖို့ အတန်တန် ကြိုးစားခဲ့ပါတယ်ကွယ်။ ငါက မင်းကို တယုတယနဲ့ ချစ်တဲ့အကြောင်းတွေ တဖွဖွ ပြောတဲ့အခါ.... မင်းက သူ့ကို မုန်းတဲ့အကြောင်းတွေ တဖွဖွပြန်ပြော... ကြာတော့ ချစ်တယ်ပြောဖို့ ကြောက်လာပြီ။ မင်းပျော်ပါစေလို့..... ကဗျာလေးတွေ ရွတ်ပြတဲ့အခါ (ငါလုပ်တတ်တာဆိုလို့ ဒါပဲရှိတာကိုးကွယ်။) မင်းက ငြိမ်ငြိမ်လေးနားထောင်တယ်ထင်ပါ့...။ မျက်လုံးတွေက အေးစက်သေလို့။ ကဗျာအဆုံးမှာ ၀ုန်းဆို မျက်ဝန်းစုံတောက်စားပြီး “သူက ကဗျာတွေ မရွတ်ပြတတ်ဘူး။ မုန်းစရာကောင်းလိုက်ပုံများ” အစချီတဲ့ အမုန်းဋီကာ ဖွင့်ပြန်ဦးမယ်။................ငါ............. စနစ်တကျ၊ တငွေ့ငွေ့၊ သေဒဏ်ကျ။ စကားတစ်ခွန်း ငံ့လင့်နေသူ..................ငါ............ မနေနိုင်မထိုင်နိုင် “မင်းကို ချစ်လိုက်တာ”...လို့................................. စမိရင်.... မင်းရဲ့ နှစ်နှစ်ကာကာ မုန်းတဲ့သူ့အကြောင်း အစကနေ အဆုံးကြားရပြန်မှာမို့..... အိပ်မက်လေး....မက်ရင်းကြွေ..................ငါ............... ချစ်သူမို့ အောက်ကျို့ ယုယပြသမျှကလည်း သူဆိုမလုပ်ပေးဘူးသိလားဆိုတဲ့ ဆုလဒ်အတွက်..... ............ငါ.................... ငိုနေတယ်.....ငိုနေတယ်...... မျက်ရည်တော့မကျဘူးပေါ့...ချစ်သူရယ်.. တလွင့်လွင့်လူးနေတဲ့......... စိတ်တွေနဲ့ ကယောက်ကယက်ဖြစ်ရင်း တပ်မက်ခဲ့သော ညတွေ....... တောင်းတခဲ့သော ရနံ့ တွေ ငါဟာ တေးတွေကို မဆိုတတ်သူပေါ့.........ချစ်သူ။ ငါဟာ ချစ်ခြင်းနဲ့ ပြန်လည်သီကုံးထားတဲ့ ကျွမ်းပြီးသား ဖန်မီးမျှင်လေးပါ.......၀တ်မှုန် အတင်းနားနှစ်ဖက်ပိတ်ပြီး ငြင်းနေမဲ့အစား ငါပြောတဲ့ စကားကျိုးလေးတွေကို နားဆင်ပေးပါလားကွယ်။ မေ့ထားလိုက်ပါတယ်.........အရာရာကို စိတ်ကြိုက်ပြင်ဆင်ထားလို့ မှမရတာဘဲ........ လွဲခဲ့ရင်တောင်ကျေနပ်နေပါတယ်......... တောင်းဆိုလို့ မရခဲ့တဲ့ အခါ ဘာမှမတတ်နိုင်တဲ့ မီးအိမ်လေးက သူ့ ကိုယ်သူပြန်လောင်ကျွမ်းပစ်တယ်။ မီးတောက်ဟုန်းဟုန်းထန်၊ မီးမှုန်လွင့်လွင့်ရူး အော်......နွေဥသြသံ တကူးကူမှာပေါ့............ ပူပူလောင်လောင်ဆွေးနေတဲ့ တံတားလေးတစ်စင်း ခြေဖ၀ါးဒဏ်တက် ဖိနပ်တွေဒဏ်ကြောင့် ပြိုကျခဲ့ပြီတဲ့။ ၀ပ်ပြုဆုတောင်းတွေ မပါဘဲ ငါတို့ ပြန်လည်တည်ဆောက်ကြမယ်လေ။ >>“ချစ်လို့ သေသည် ဆိုရမည်ဟူ ငါသည် ဆယ်ခါ ဆယ်ပြန်သာ၍ အခါတစ်ထောင်သေ၀ံ့၏။”<< ဒီလိုစကားကိုသာ အထပ်ထပ်ဆိုနေမဲ့..........လူတစ်စင်းမို့ ကြယ်တွေက ကြွေပေးချင်ပါလိမ့်မယ်။ မျက်လုံးတွေဖြူစင်တဲ့ ရပ်ဝန်းမှာ ငါ လူဖြစ်ချင်တယ်လို့ ပြောပြီး သေဆုံးသွားတဲ့ ချယ်ရီပင်အောက်မှာ ကိုယ်လက်နက်ချပေးလိုက်ပါတယ်...ချစ်သူ။ ဒါပေမဲ့........ချစ်သူ......... ငါ့ကိုလေ ဖြစ်နိုင်ရင် မြင်ပုံအသစ်နဲ့ အဟောင်းအတိုင်းကြည့်ပေးပါလား။ ဘာကိုမှ မထိသင့်တဲ့ လက်ကိုပိုင်ခဲ့သူ မီးဒတ်လို ငါ လည်း ကြေကွဲနေရပေါ့.... ငါ့လက်နဲ့ ထိသမျှ ရွှေမဖြစ်ဘဲ........ ကြွေကြွေကျသွားတယ်။ တစ်ခြားသူတွေအဖို့ မီးလျှံဝင်းဝင်းဖြစ်ခဲ့ရင်တောင် ၀တ်မှုန်အပါးမှာ ယုန်ဖြူငယ်ငယ်လေးပဲ ဖြစ်ချင်ခဲ့သူပါကွယ်။ ၀တ်မှုန်ရယ်..... သူ့ကို မင်းဘယ်လောက်မုန်းကြောင်း ငါ့ရင်နဲ့ အမျှ တနင့်တပိုး စူးအောင့်သိမှတ်မွန်းကြပ်နေပါပြီ။ ငါ့ကို ဘယ်လောက်လေးသာ ချစ်ကြောင်း.... သိပ်ကြားချင်ပါ့..... ............................ငါ့စက်ဘီးလေး....ချိန်းကြိုးပြတ်တော့ ယဉ်အပိုပစ္စည်းဆိုင် မသွားဖြစ်ခဲ့ဘူး။ အဲဒီ ချိန်းကြိုးဟောင်းလေးက သိပ်မုန်းစရာကောင်းတာကိုး....။ ................စက်ဘီးလေး နံရံမှာ ကပ်ရပ်နေမြဲ..... ဘုန်းသန့်ခန့် 1STEDTBEF0CT09 2NDEDTBEFOCT09 3RDEDTP114514OCT09 >>......<< by Lady Ukon ref:ကမ္ဘာ့စာပေအညွှန်း
0 Comments
Leave a Reply. |
Author
|


RSS Feed