|
မနက်ခင်းမို့ထင်တာပဲ မြူ နဲ့ နှင်း မကွဲခဲ့ဘူး။ ဆော့ကစားလက်စ အိုးပုတ်ငယ်လေးထဲက ရေကျန်စက်လက်တောင်မှ တင်းမာထန်ထန်ခဲလို့ ကိုယ်တို့ဆောင်းက မြို့ငယ်ငယ်ထဲ အဲ့လိုဝင်တယ်...... အနွေးထည်အထပ်ထပ်ဝတ်ပြီး လေးထောင်ခန်းထဲမှာထိုင် အတူနွေးခဲ့ကြ၊ အတူဆော့၊ အတူကစား၊ အတူ.....၊ အတူ...... အဲ့ဒီအနွေးထည်ထူထူထပ်တွေအောက်မှာ ကျား၊မ သဘာဝက လွဲရင် အားလုံးတူတယ်ဆိုတာ ဘယ်အချိန်ထိ ငါတို့နောက်ဆုံးယုံကြည်ခဲ့တာလဲ.... ဘယ်အချိန်နောက်ဆုံး အမှောင်ချမေ့ပစ်လိုက်တာလဲ၊ မနက် ကျောင်းခေါင်းလောင်းသံအဆုံးမှာ ကိုယ်ယုံရာကြည်ရာ သို့တည်းမဟုတ် မိဘအုပ်ထိန်းသူယုံရာကြည်ရာကို ဝတ္တရားတစ်ခုလို၊ ကရားရေလွှတ်လို၊ နှစ်နှစ်ကာကာလို..... ဝပ်ပြု.....။ပြီးရင် စာတွေသင်ကြ၊ အေးခဲလို့ မနည်းလှုပ်ရေးနေရတဲ့ လက်လေးတွေရယ် ဆောင်းမနက် နေခြည်မလာမီရယ်၊ ဆရာမတစ်ယောက်ပြောတဲ့ ကျန်တဲ့ သူတွေလဲ ကိုယ့်ယုံကြည်ရာကို ဒီအချိန်မှာ ဝပ်ပြုပါဆိုတဲ့စကားရယ်..... ကိုယ့်ငယ်ငယ်ဘဝဟာ တွေးလိုက်တိုင်း ကျေနပ်..... အားလုံး တူညီ..... ပင်နယံသွားတွေ ထိခတ်ပြီး လှည့်စားတဲ့ လူလုပ်အချိန်တရားက ငါတို့ကို ဆွဲယူသွားပြီးတော့....... တစ်ချို့က တစ်ဖက်မှာ၊ တစ်ချို့က တစ်ဖက်မှာ၊ တစ်ချို့က ဟိုး ဘဝတစ်ဖက်မှာ တရကြမ်းခုတ်မောင်း မွှေဆွ၊ ထယ်သွားထိရာ မြေညိုသားတွေ လှိုင်လှိုင်ထလို့ အနယ်တွေအနှစ်တွေ.... နှစ်ချို့ပုန်း မြေဆွေးဟောင်းတွေ ဝိုင်းစက်စက်ဓားသွားတွေသုံးပြီး ခုတ်ခွဲမောင်းသွားတဲ့ လယ်ထွန်စက်လား၊ လှည့်ထွန်းစက်လား အမြစ်တွေပရပွပေါ်လို့..... ရိုးပြတ်တွေ ပြိုလို့ ပျော်သူပျော် ရိုးပြတ်မတိုင်ခင် ကောက်နှံခေတ်ကို မျှော်သူမျှော် ထယ်သွား ဝိုင်းဝိုင်းတွေကတော့ မီရာထိနှိုက်ပြီး ကျစ်စာခဲတွေကို ဖော်နေဆဲပေါ့..... ရိုးပြတ်တွေ၊ ပေါင်းပင်ပြတ်တွေကို စုပြီး ကန်းသင်းဘောင်ပေါ်တင် မီိးရှို့ရင်း မီးရှို့စချိန်ခဏတော့ မီးခိုးငွေ့အူထတာပေါ့..... ကိုယ်တို့ကတော့မမှုပါဘူး.... မီးတောက်ကြွကြွရရင် အကြမ်းအိုးလေး အနားကပ်ထား၊ ရွံ့နဲ့လုံးထားတဲ့ ငါးတွေ၊ ကောက်သင်းကောက်လက်ကျန် စားလို့ရတဲ့အသီးအနှံအဆန်အကုန် မီးထဲထည့် ဖုတ်ပြီး ကျက်ရင် လုပြီးစားကြတာပဲ..... ရိုးရာထွန်ဆွဲနွားကြီးနဲ့ ရုန်းနေတဲ့လယ်တွေယာတွေ၊ ခေတ်မီဆီနဲ့ရုန်းတဲ့ လယ်တွေယာတွေ တစ်ဖက်ရွာ ဆည်ဆောက်တော့ ယာကွက်ကနေ ချက်ချင်းလက်ငင်း အင်းဖြစ်သွားတဲ့ အဖွားရဲ့အခင်းလေးအကြောင်းကို နားထောင်ရင်း..... ကိုယ့်ရွာထိ လမ်းဖြူးဖြူးကြီး ခင်းပေးသွားလို့ သာဓုခေါ်တဲ့ ဖိုးကြီးအိုမယ်ကြီးအိုတွေကို အံ့သြအတုယူမိတယ်..... နီးရာစပ်ရာကမြေယူရင် တွက်ခြေမကိုက်လို့ လက်တံဆန့်ရင်း၊ ယူပေမယ့် ပြန်ပေးသွားမှုက အဲ့ဒီရွာလေးအတွက် အသုံးဝင်စေခဲ့ပုံကို သတိရမိရဲ့..... (ကိုယ်ကတော့ အခုထိ ရွာဝင်ရောက်မှ လမ်းကွေ့ပေးရခြင်းအကြောင်းကို တွေးမိတိုင်း ရယ်မိတုန်းပဲ) ကိုယ်ကတော့ အဖွားရဲ့အင်း တစ်ချိန်က ယာခင်းလေးထဲမှာ မွေးချင်းတစ်သိုက်နဲ့ ရေကူးရင်းပျော်လို့......... အခုတော့ အချိန်တစ်လှေ့မှာ ကိုယ်..... ပို့စ်မော်ဒန်လက်ရာတွေပရပွလူးရင်း လှနေတဲ့ ခေတ်သစ်ဂရိမြို့ပြလေးထဲမှာ ရောက်လို့၊ အားလုံးက လွတ်လပ်သွားပြီထင်မှ ကိုယ်မလွတ်လပ်တော့ဘူး၊ ကိုယ့်အမိကျောင်းတော်.... ကိုယ့်အမိမြေ..... ကိုယ့်လူမျိုးနွယ်...... ကျန်သူတွေပစ်ချထားသမျှ လိုက်ဝင်ထမ်းပေးကြတဲ့ လူငယ်တွေကို မှတ်ပုံတင်ထဲထည့်ရုံသုံးတဲ့ နာမည်ပညတ်တွေသုံးပြီး ခွဲကြလွှဲကြတာမြင်ရင် သိပ်မြင်ပြင်းကပ်မိတယ်.... မေမေ... ဒါပေမယ့် တစ်နေ့မှာ ထယ်ရေးပြီး.... ရင် ပျိုးကျဲချိန်တော့ လာရမှာပေါ့ ကျွန်တော် အမြဲယုံနေပါဦးမယ်...မေမေ ကျွန်တော့်လက်သန်းမှင်ထိရုံနဲ့ တာဝန်ကျေပြီးပြီလို့ ဘယ်တော့မှ မခံယူမိဘူး၊ ရှိသမျှ ပရမ်းပတာမှန်သမျှကို ဝုန်းဆို မိဘရင်ထဲပစ်ထည့်ပြီး လက်လေးခါထွက်သွားရမယ့်အချိန်မှ မဟုတ်တော့တာဘဲ မေမေရယ် ကျွန်တော် လူလားမြောက်နေလောက်ပါပြီ...... လက်ဦးဆရာဆိုပေမယ့် လူသားပီပီ မှားကြတာကို ခေတ်အဆက်ဆက်က စာရွက်ထပ်တွေပြပြီး ငြင်းမနေဘဲ၊ အပြစ်တွေအပြန်အလှန်တင်မနေဘဲ ဖေဖေနဲ့ မေမေ ရန်မဖြစ်တော့မယ့်နေ့ကို ကျွန်တော် ဟိုးငယ်ငယ်လေးထဲက မျက်ရည်တွေနဲ့ မျှော်နေမိတာပါ..... ကျွန်တော် ဟိုးအဝေးနိုင်ငံတွေဆီလှည့်ရင်း ဖောင်စီးကမ်းတင်ဘဝမှာ မိဘအိမ်ပြန်ရောက်ချိန် မျက်ရည်တွေပရပွနဲ့ ဝမ်းပမ်းတသာဆီးကြိုတတ်တဲ့မေမေ.... ဆုံးမနေရင်း မျက်ရည်ကို အသာထိန်းထားတဲ့ဖေဖေ.... ညီလေး၊ ညီမလေး၊ ညီငယ်လေး.... အကြီးဆုံးမဟုတ်ပေမယ့် အကြီးဆုံးဖြစ်လာတဲ့အခါ.... ကျွန်တော်တို့ တာဝန်တွေရှိလာပြီ...... ကျွန်တော့်အတွေအကြုံတွေကို နားထောင်နေတဲ့ ဖေဖေဟာ တစ်ချိန်က သူ့အတွေအကြုံတွေ၊ သူစုထားတဲ့စာအုပ်တွေ......ကို ကျွန်တော်ရင်ထဲ ဝေငှခဲ့သူဖေဖေပါပဲ..... အိပ်ရာဝင်ပုံပြင်တွေပြောရင်း ညတွေမှာ အိပ်မောကျစေခဲ့သူမေမေ.... သားသမီးတွေအတွက် အရာအားလုံးလိုလေသေးမရှိအောင် ဂရုစိုက်ရင်း.... မေမေ..... မကြာတဲ့ တစ်နေ့မှာ ကိုယ်ပိုင်နားခိုရာ အိမ်ငယ်လေးကို ကျွန်တော်တို့ တည်ဆောက်နိုင်မယ်ဆိုတာ သေချာပါတယ်၊ ဘယ်သူမှ မကျန်ခဲ့ပါဘူး မေမေ၊ ဘယ်သူမှ မကျန်ခဲ့စေရပါဘူး လူသားစစ်စစ်တွေအတွက် လွတ်လဲ့လင်းပွင့်ခွင့်ကိုသုံး ကျွန်တော်တို့ဟာ ဝုန်းကနဲမဟုတ်ဘဲ ခိုင်ခိုင်ခန့်ခန့်တည်ဆောက်ကြမှာပါ၊ ဖောင်စီးကမ်းတင်ဘဝတုန်းက ဆိုက်ကျဂိုက်ကျနေရတဲ့ ကယ်ဗင်ခန်းတွေ၊ မျောရင်းကပ်ခိုက်က နေရနားရတဲ့ သူတစ်ခြားဧည့်ဆောင်ခန်းတွေထက် ကျွန်တော်တို့လက်နဲ့ခြေနဲ့ရုန်းပြီး ဆောက်ခွင့်ရမယ့်အိမ်လေးကိုပဲ.... တမ်းတမိရဲ့လေ.... ဝန်ထမ်းအိမ်ယာအဆက်ဆက်ကို ခိုမီိရင်း..... ကျွန်တော့်ကို အခုကျွန်တော်ဖြစ်အောင် လက်လှမ်းမီရာ အသိနဲ့ အကောင်းဆုံး သွန်းဆစ်ပြီးပြီပဲ....... ကျွန်တော်နှစ်သက်ရာကို ကိုယ့်ကိုကိုယ်ထုဆစ်ခွင့် ပေးခဲ့ပြီးပြီိပဲ..... အဖေတို့အမေတို့တာဝန်ကျေပါတယ်...... တစ်ခါက ကျွန်တော်ဆိုဖူးသလိုပေါ့.... အရမ်းကြီးမမျှော်လင့်ဘဲ ကျွန်တော်တို့ကို ယုံပါ........ အရမ်းကြီးမထိမ်းချုပ်ဘဲ ကျွန်တော်တို့ကို ကွပ်ကဲပဲ့ကိုင်ပါ...... အစဉ်အလာ....၊ မိရိုးဖလာ....၊ ယုံကြည်ရာ..... ခြုံလွှာနဖူးစည်းတွေနဲ့ အမျိုးသားဆိုပြီးတစ်ပုံစံတည်းထည့်ရိုက်မယ့် မိုချက်တွေမပါတဲ့ ဖြစ်နိုင်ရင် လေးထောင့်စပ်စပ် စာသင်ခန်းအပြင်ထိ မီတဲ့ ပညာရေးကို ကျွန်တော်တို့ မမီတော့ပေမယ်...... ညီလေးနဲ့ ညီမလေးတွေ၊ သား နဲ့ သမီးတွေ အတွက် ပထမဆုံး ပဋက်ရိုက်ပေးပါ....... ဝိုင်းစက်စက် ထယ်သွားတွေ ထိုးခွဲသွားလို့ မွနေတဲ့မြေမှာ..... တန်ချိန်နဲ့ချီပြီး ကွဲရင်း..... တစ်ချို့လဲကျ၊ တစ်ချို့ကျန်ရစ်..... ညီရင်းစင်စစ်မြေမှာ...... အပေါ်ယံမြေလွှာ ကွာတော့ မြေဆီတွေတက်နေပြီမေမေ...... နတ်စင်တွေပိပြီး သေသွားတဲ့ ညောင်ပင်ကြီးနေရာမှာ....... စိုက်မယ့် ပျိုးပင်ငယ်တွေအတွက်...... စက္ကူ ပေါ်ကအတိတ်တွေ ကျေပါစေတော့ မေမေရေ....... ဘုန်းသန့်ခန့် P134618NOV15+08GMTSG
0 Comments
Leave a Reply. |
Author
|


RSS Feed