နက္ခတ်ရစ်သမ်
ဒီကဗျာတွေကတော့ ကိုရွှေဘုန်း(တာရာမင်းဝေ) မကွယ်လွန်မီ နောက်ဆုံးရေးသွားတဲ့
ကဗျာတွေပါ။ ၄င်းကဗျာတွေကို ကျွန်တော့်ရဲ့စာအုပ်တိုက်ဖြစ်တဲ့
“ငါတို့စာပေ”မှထုတ်ဝေဖို့ ပေးထားခြင်းဖြစ်ပြီး စာပေစိစစ်ရေးမှ
ခွင့်ပြုခြင်းလည်း ရထားပြီးပါပြီ။ စာအုပ်ထုတ်ခါနီးမှ မမျှော်လင့်ဘဲ “သူ”
ကွယ်လွန်သွားခဲ့ပါတယ်။ သူ ကွယ်လွန်ပြီးတော့မှ အကြောင်းကြောင်းသော
အကြောင်းကြောင်းတွေကြောင့် မထုတ်ဖြစ်တော့တာပါ။ ဒါပေမဲ့ online ပေါ်က
ညီအစ်ကိုတွေအတွက် ဖတ်ရှုရအောင် တင်ပေးလိုက်ပါတယ်။ ကဗျာစာအုပ်နာမည်ကတော့….
“နက္ခတ်ရစ်သမ်” တဲ့။
နဂါးချော့တေးကလူ ..... ကလူ လို့
ငါ့ကိုဘယ်သူချော့ရဲသလဲ တကယ်တော့ ချော့တယ်ဆိုတာ ပျော့ပြောင်းစေလိုရုံတင် မကပါဘူး ဖြေသိမ့်ပေးတဲ့ သဘောလဲပါတယ် “ခရူး...ခရူး” တဲ့ မရဏမင်းက နှာမှုတ်သံနဲ့ ငါ့ကိုချော့ပြီ ခြောက်ခြားထိတ်လန့်စွာ....ငါ....ကျေးဇူးတင်ပါတယ် သူ့ကိုမှ ခွင့်လွှတ်နားလည် နိုင်သေးရင် ကျန်တဲ့သူတွေကို ဘာမှပြောစရာမရှိဘူး မဟုတ်လား… နဂါးချော့ တေးသွားက နည်းနည်းတော့ခါးတာပေါ့လေ…။ တာရာမင်းဝေ |
ပလုံရေထဲကိုခဲကျသွားတာလည်းဖြစ်နိင်တယ်.... ရေထဲက ငါးခုန်တက်လာတာလည်း ဖြစ်နိင်တယ်.... တစ်နေ့မှာ ငါ့အထ္ထုပ္ပတ္တိကို ငါဖွင့်ကြည့်လိုက်တယ်.... ဘယ်လိုဖြစ်သွားသလဲမသိဘူး... “ပလုံ” တာရာမင်းဝေ |
ဗေဒင်ဟောသည်“ဒေါက်”ခနဲ ဓားပေါက်သံအဆုံးမှာ
ကံကြမ္မာက ကားယားကြီးကျလာတယ် သူ့ကို ကြိုးနဲ့ကူတပ်ပေးပါ ခုချိန်ကစပြီး ကျုပ် ဗေဒင်ဆရာလုပ်မယ် ကံကြမ္မာမရှိတဲ့ ဗေဒင်ဆရာ မြင်းရိုင်းကိုစီးပြီး မြို့တော်ထဲဝင်လာမယ်။ တာရာမင်းဝေ |
ဝေးသူစကားတစ်ခွန်းနှစ်ခွန်း စွတ်စိုရုံလောက်နဲ့
မြင်းမိုရ်တောင်ကို မွန်းတည့်စေမလား ဒါပေမဲ့ ဒါဟာ ဖြစ်ခဲ့တယ် အိုဒက်ဆာမှာ မဟုတ်ဘူး၊ ကြေးရုပ်နံဘေးမှာဖြစ်ခဲ့တယ် ဒါဟာ တကယ်ဖြစ်ခဲ့တယ်။ လ၀န်းကျကွဲသံတွေကြားမှတော့ ဘာကိုမှ မလွမ်းဆွတ်တော့ပါဘူး ချုပ်ပလိုင်းထဲက ငါ မျှော်ရည်ငေးလင့် တစ်နေ့တော့”ဆိုတာ ဘယ်တော့ပွင့်”မလဲလို့။ တာရာမင်းဝေ |
တန်ရာတန်ကြေးနတ်ထွင်းတဲ့ခံတွင်းဆိုပေမယ့်
ဘယ်သူကမှ ထမင်းခဲကိုက်ပြီး မွေးလာတာမဟုတ်ဘူး အဲဒါကြောင့် ငါ့ရဲ့စုံနံ့သာမြိုင်ပတ်ပျိုးမှာ စောင်းကြိုးတစ်ချက် လျှော့ခဲ့တယ်။ အနုပညာဆိုတာ မှော်ဆရာတိုင်း ကလို့ရတဲ့ ဓားပညာမဟုတ်ဘူး နေညိုချိန် တိမ်ပွင့်အမျောလေးပါဆိုတော့လည်း ပြောသူကို မယုံကြည်ချင်ကြဘူး ကြည့်ပါ ဒီမြှားကို ငါပစ်ပြပါ့မယ်။ ပစ်မှတ်ကို လွယ်လွယ်နဲ့မှန်ရင်တော့ အဲဒီသူယောင်နတ်သမီးကို တို့တွေ တန်ရာတန်ကြေး ပေးလိုက်ကြတာပေါ့။ တာရာမင်းဝေ |
သင်းကွဲသူများ (၁)ဒီဆံမျှင်မှာ နှင်းဆီတွေမှ မဖူးပွင့်တော့ဘဲ မေ့ထားလိုက်ပါတော့ ကလေးရယ် အလင်္ကာတွေကိုလည်း ကိုယ်ကပဲ မှုတ်ငြိမ်းစားလိုက်ပါ့မယ် တစ်ယောက်က တစ်ယောက်ရဲ့အလင်းဖြစ်ချင်ကြ တစ်ယောက်က တစ်ယောက်ရဲ့ မီးအိမ်ဖြစ်ချင်ကြ အခုတော့လည်း အားလုံး ဆုံးလျသွားပါပြီ သွားတော့ ဘေဘီ ဟိုးမှာ ညနေခင်းကတောင် ငွေ့ရည်ဖွဲ့နေပြီ။ တာရာမင်းဝေ |
သင်းကွဲသူများ(၂)နှုတ်ဆက်ကြရအောင် အချစ်ရယ်
တို့ရဲ့ အတွေးအခေါ်က လင်းညိုခဲ့ပြီမို့လား ကျောခိုင်းသွားကြရတယ်ဆိုပေမယ့် တကယ်တော့ တစ်လမ်းတည်းပါပဲ (အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့) ကိုယ့်ကို သတိရရင် ကဗျာလေးတွေ ရေးပါ စိတ်အလျင်နဲ့ရေးထားတဲ့ ကဗျာလေးတွေက မင်းကို စုန်းမီးတောက်ပြပါလိမ့်မယ် ခုတော့ ကိုယ်တစ်ယောက်တည်း အေးလေ… မင်းလည်း တစ်ယောက်တည်းပါပဲ ကဲ… ခွဲကြစို့ နှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်…။ - တာရာမင်းဝေ |
နွေခံစားမှုအငွေ့တထောင်းထအောင်ပူရဲ့ လူတစ်ယောက်ထဲက တစ်နွေလုံးဖြစ်ရတယ် ဒီရိုးပြတ်ကိုကျော်ရင်ရောက်ပါပြီတဲ့...။ ပတ်ကြားအက်ထဲကလူကအသံကုန်အော်တယ်...။ မိုးနတ်မင်းကြီးရယ်.... ကျွန်တော့်ကိုယ်ပေါ်ကို မိုးတစ်ပုံ့နှစ်ပုံ့ရွာပေးပါ... ကျွန်တော်စိတ်တွေက မုတ်သုန်ကို ဆာလောင်မွတ်သိပ်လွန်းလို့ပါ။ တာရာမင်းဝေ |
သက်ပြင်းလောင်းသံငါ...... ကြေကွဲနေပြီ
ရင်ဘက်မှာလည်း ၀ိဥာဉ်ကျောက်သားတွေအက်ကွဲလို့... ငါ....ဘယ်လိုလုပ်ရမလဲ ပိတ်ထားတဲ့ ပန်းပွင့်ကိုကော ဘယ်လိုအလင်းနဲ့နမ်းမလဲ အငွေ့ပြယ်ပြီး ပျောက်သွားရင်လည်းပြီးရော... တကယ်ဆို ကောင်းကင်တိုက်ပွဲအသစ်တွေနဲ့သာနေ/သေချင်တော့တယ်.... တာရာမင်းဝေ |
ပင်လယ်ရေးတဲ့စာရေတံခွန်ကြီးတစ်ခုလို ခုန်ချလိုက်ချင်တယ်
မြင်းမိုရ်တောင်ကိုလည်း မိုးကြိုးးပစ်ချလိုက်ချင်ရဲ့။ ကျောက်မြင်းရုပ်ကြီးလိုပဒပ်ရပ်ထချင်တယ် ပင်လယ်ကဗီးပင်တွေလိုလည်းတရှဲရှဲအော်လိုက်ချင်တယ်။ ခုတော့....ဘယ်ဖြစ်တော့မှာလဲ သူမက ငါ့ကို ငြိမ်ငြိမ်လေးပဲ လက်ပိုက်ရပ်နေတဲ့....။ တာရာမင်းဝေ |
တစ်ခွန်းစကားရနံကိုတော့ရတယ် ဒါပေမယ့်....ငါ့ကိုမွှေးတာမဟုတ်ဘူး ။ ဒီတောအုပ်ဒီကျောက်သားက ရင်အုံ့မောက်မောက်နဲ့ပြားနေလိုက်တာ ။ ဘာဖြစ်လဲ ငါဟာ....သိန်းငှက်တစ်ကောင် ကိုယ့်လေးညှို့ကိုယ်ဆွဲပြီးထွက်ခဲ့တယ်...။ တာရာမင်းဝေ |
ကကြီးအဖေ့ရဲ့မျက်နှာမှာ
အင်္ဂတေအက်ကွဲရာ အမြောင်းမြောင်းနဲ့ အဖေ့ရဲ့အရိုးငေါငေါ လက်အစုံမှာလည်း ဘယ်ဆီကူးမယ်မှန်းမသိတဲ့ ၀တ်မှုန်တွေလည်းပျံ့သင်းလို့ အဖေ့ရဲ့စိတ်အာရုံထဲ ငါဝင်ကြည့်တော့ လောကဓံရှစ်ပါးနဲ့ပိတယ်။ အဖေရယ်...... ကျောသက်သက်ကိုခင်းပြီး ကျွန်တော်ဝင်ထမ်းပေးပါ့မယ် အဖေ့အတွက် နိုင်ရာဝန်ကို ကူမပေးရင်း အဲ့ဒီလို.....ကကြီးမျိုးတော့ ကျွန်တော် ရေးချင်ပါသေးတယ်။ တာရာမင်းဝေ |
ပန်းငုံခေတ်ဝတ်ရုံ© ငါတို့စာပေတိုက် 2009
